ဒီနေ့ဩဂုတ်လ ၅ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်က လူစည်ကားတဲ့ ဘားဆိုင်တဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးကာ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဟာ Mountain B အရက်ဆိုင်မှာ ဖောက်သည်တွေ ပြည့်နေတဲ့အချိန် မနက် ၁ နာရီလောက်မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်မှုကြောင့် အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။ အရက်ဆိုင်ရှေ့မှာ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း ၄ လောင်း၊ အမျိုးသားသန့်စင်ခန်းထဲမှာ ၃ လောင်း၊ DJ နဲ့ ငွေရှင်းကောင်တာမှာ ၅ ဦးတို့ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ အကြီးအကဲ Plu Col Wuttipong Somjai ကတော့ သေဆုံးသူတွေအားလုံးဟာ ထိုင်း နိုင်ငံသားတွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ မီးလောင်မှုကြောင့် လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၈ ဦးကတော့ သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးလောင်တဲ့အဆောက်အအုံကို လွန်ခဲ့တဲ့ တစ်လခန့်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံလူငယ်တွေကြား ရေပန်းစားနေခဲ့တာပါ။
၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း နှစ်သစ်ကြိုဆိုပွဲအတွင်း ဘန်ကောက်မြို့က Santika အရက်ဆိုင်မီးလောင်ခဲ့ပါသေးတယ်။ အဲဒီအချိန်က လူ ၆၆ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။