ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကောင်းမွန်

Photo- Getty Images
သြဂုတ်လ ၄ ရက်နေ့ က နေပြည်တော်အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခံရတဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပေမယ့် ၊ သူ့အတွက် ဆောက်ပေးထားတဲ့ နေပြည်တော် အချုပ်ထောင်ဝန်းထဲက သီးသန့်ဆောင်ဟာ မှန်တွေကို အဓိကထားဆောက်လုပ်ထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အပူဒဏ်ကို အတော်လေးခံစားနေရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက DNA ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ ပတ်သတ်လို့ မနေ့ က နေ့လည်ပိုင်းမှာ ထောင်ဆရာဝန် နဲ့ ပြခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲ့ဒီ ကိစ္စနဲ့ ပတ်သတ်လို့ ဒီကနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတရာ ပြောဆိုတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ဒီကနေ့ ရုံးချိန်းအတွင်း စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း နှင့် ဒုဝန်ကြီး ဦးဆက်အောင် တို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သတ်ပြီး ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးမေးမြန်းပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ရုံးချိန်းကို နောက်တစ်ပတ်ကြာသာပတေး နေ့ ( သြဂုတ်လ ၁၁ ရက်နေ့ ) ကို ပြန်လည်ချိန်းဆိုထားပြီး အဲ့ဒီနေ့ ရုံးချိန်းက စပြီး စွပ်စွဲခံရသူတွေကို အစဉ်လိုက် အပတ်စဉ် စစ်ဆေးသွားတော့မယ်လို့ သိရပါတယ်။