နွေဦးမှတ်တမ်း

၁၇ ဇူလိုင် ၂၀၂၂

 

သီရိလင်္ကာမှာ သမ္မတအိမ်ပေါ်တက်ပြီး သူ့နိုင်ငံသားတယောက်က ကိုယ်တုံးလုံးနဲ့ရေဝင်ချိုးတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ လွန်ခဲ့တဲ့ ၃ရက်လောက်ကတွေ့လိုက်ရတယ်။ သိပ်မကြာဘူး စကစက နိုင်ငံခြားသား ၃၅% ရင်းနှီးမြုပ်နှံထားတဲ့ ပြည်တွင်းကုမဏီတွေရဲ့ ဒေါ်လာငွေတွေကို ကျပ်ငွေနဲ့ လဲလှယ် ပေးဖို့ စာထုတ်တော့တာပဲ။ ညောင်ဦးမှာတော့ ကမ်းပါးတွေပြိုပြီဆိုတာ သေချာတယ်။ ဘယ်ကနွားတွေ ပေါင်ကျိုးကြမလဲ ကြည့်ရအောင်။

 

ဒေါ်လာလိုငွေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

 

နိုင်ငံခြားအရံငွေ ဇတ်လမ်းက ဧပြီလကတည်းက စတာဖြစ်တယ်။ မှတ်မိကြဦးမယ်ထင်တယ်။ ဗဟိုဘဏ်ဒုဥက္ကဌအမျိုးသမီး သူ့အိမ်တိုက်ခန်းမှာ သေနတ်နဲ့ ပစ်ခံရတယ်ဆိုတဲ့သတင်း။ နောက် ဂျပန်နဲ့ စင်္ကာပူက သူတို့ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေကို ဒီလိုဖလှယ်ပေးရင် လုပ်ငန်းတွေထိခိုက်ပြီး ဆက်လည် ပတ်ဖို့ ခက်မယ်၊ မလုပ်ဖို့ ခွင့်ပန်တဲ့စာ စကစကို ပို့တယ်။ အဲဒီခွင့်ပြုချက်ကို ခုပြန်ပယ်ဖျက်လိုက်တာကို ကြည့်ရင် စကစလက်ထဲမှာ ငွေလက်ကျန်သိပ်မရှိတော့ဘူးဆိုတာ အလွယ်သိနိုင်တယ်။

 

စီးပွားရေးပြိုကျသွားရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ နောက်ထပ် ဆန္ဒပြမှုတွေထပ်ပေါ်လာပြီး သီရိလင်္ကာသမ္မတလို ထွက်ပြေးရမယ့်အဖြစ်မျိုးကို စစ်အာဏာရှင်တွေ ထိတ်လန့်လာကြတာ တွေ့ရ တယ်။ ‌စာထုတ်တာက ၂ဆင့်။ ပထမအဆင့်က ပြည်တွင်းကုမဏီတွေက နိုင်ငံခြားငွေပေးစရာရှိတာ တွေကို မပေးဘဲ ဆိုင်ငံ့ထားကြဖို့ ဖြစ်ပြီး ဒုတိယအဆင့်က အဲဒီဒေါ်လာငွေတွေကို ကျပ်နဲ့လဲပေးဖို့ ဖြစ်တယ်။ ပြည်ပရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်တွင်းစီးပွားရေးသမားတွေအတွက်က မိအေး ၃ ခါနာ အစီအစဥ်ပါ။

 

ပထမနာတာက နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေပြန်ပေးစရာရှိတဲ့ ကြွေးမြီတွေမပေးနိုင်ရင် စီးပွားရေးဆက်လက်လည်ပတ်ဖို့ ခက်ခဲသွားမှာဖြစ်တယ်။ သူတို့ ပြည်ပမှာချေးယူထားတဲ့ငွေတွေကို ပြန်ပေးချေစရာရှိတဲ့ ကုမ္ပဏီတွေထဲမှာ အော်ရီဒူးလို၊ စီးတီးစကွဲ (ဆောက်လုပ်ရေး) လို၊ အပိုလိုနဲ့ ဧရာဝတီဂရင်း (မိုင်တဲတာဝါထောင်တဲ့လုပ်ငန်းတွေ) လို လက်ကြီးတွေပါတယ်။ အဲဒီပမာဏဟာ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံလောက်ရှိ တယ်လို့ ဘလွန်းဘတ်သတင်းတခုက ခန့်မှန်းတယ်။

 

ဒုတိယနာတာက နိုင်ငံတကာသုံးငွေကို ပြည်တွင်းသုံးငွေ နဲ့ လဲလှယ်ခံရတာဖြစ်တယ်။ တတိယ အနာက အဲသလို လဲလှယ်ပေးတာတောင် ငွေလဲလှယ်နှုန်းက ပေါက်စျေးထက် လျှော့နည်းနေတာမျိုး ဖြစ်တယ်။ သေချာတာက နိုင်ငံတကာမှာနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်လိုအပ်နေတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ စကစအတွက် ပြီးဆုံးသလောက်ဖြစ်သွားပြီဆိုတာပါပဲ။ ဘာတေးလင့်တနာ ရဲ့  ၂၀၂၁ အေးရှားတိုင်းမ်ဧပြီလထဲက ဆောင်းပါးက စကစရဲ့ ဒီလုပ်ရပ်ကို စီးပွားရေးအရ သေကြောင်း ကြံမှုလို့ အမည်တပ်တယ်။

 

နိုင်ငံခြားအရံငွေ

 

စစ်အာဏာမသိမ်းမီက မြန်မာ့နိုင်ငံခြားအရံငွေဟာ ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံလောက် (ဇန်န ဝါရီ ၂၀၂၁) ရှိမယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က ခန့်မှန်းတယ်။ ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၀ အကုန်မှာ ၇ ဒသမ ၆၇ဘီလီယံ (နောက်သတင်းတစ်ခုက ၇.၈ ဘီလီယံ) လောက် ရှိတယ်လို့ ဆိုတယ်။ ကွာနေတဲ့ ၁ ဘီလီယံလောက်က ၂၀၂၁ ဇန်နဝါရီအတွင်း ပြီးခဲ့တဲ့အစိုးရက သုံးစွဲတာ၊ ချေးငွေတွေ ပေးချေတာ၊ စတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ (မှတ်ချက်။ စကစ သတင်းထုတ်ပြန်မှုက လက်ရှိမှာ တလကို ဒေါ်လာသန်း ၇၀၀ လောက် ပေးချေဖို့ ရှိနေတယ်ဆိုတယ်)။

 

အစကစရရင် နယူးယော့ခ်မှာအပ်ထားတဲ့ ၁ဘီလီယံကို အာဏာသိမ်းပြီး ၃ ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်မှာပဲ ဘိုင်ဒင်က စာထုတ်ပြီး ထုတ်ယူခွင့်ပိတ်လိုက်တယ်။ ကျန် ၅ ဒသမ ၇ ဘီလီယံ ဟာ စင်ကာပူ ဘဏ်၃ဘဏ်မှာ အပ်ထားတာဖြစ်တယ်။ ဒီ၃ဘဏ်ဟာ စင်ကာပူရဲ့ ဘဏ်ကြီးတွေဖြစ်တဲ့ DBS၊ UOB၊ နဲ့ OCBC တွေလို့ အိုင်အမ်အက်ဖ်က အတိအကျပြောတယ်။ စင်ကာပူငွေကြေးအာဏာ ပိုင်အဖွဲ့ (ငွေကြေးပေါ်လစီနဲ့ ဘဏ်တွေအားလုံးရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဦးစီးတဲ့အဖွဲ့) က ဒါကို ငြင်းဆိုထားတယ်။

 

သို့သော် သူတို့ ငြင်းပုံက စစ်အာဏာမသိမ်းခင်မှာ ဘယ်တဦးတယောက်ကမှ ဘယ်ကုမဏီကမှ ဒီလောက်ငွေပမာဏ အပ်နှံတာမျိုးမရှိဘူးဆိုတာပဲ။ သို့သော် သူတို့ပြောတဲ့အထဲမှာ အစိုးရအဖွဲ့တခုက အပ်တာမဟုတ်ဘူး ဆိုတာမျိုး ငြင်းဆိုထားတာတော့မရှိဘူး။

 

ပြည်တွင်းငွေအကျပ်အတည်း

 

မနှစ်က ဖေဖော်ဝါရီ အာဏာသိမ်းအပြီး တနိုင်ငံလုံးအနှံ့အပြားဆန္ဒပြပွဲတွေ နေ့စဥ်ရက်ဆက် အပြီးမှာ စကစဘက်က အင်တာနက်အသုံးကို စတင်ထိမ်းချုပ်လာတယ်။ မိုဘိုင်းသုံးပြီးငွေပေးချေမှုနဲ့ အွန်လိုင်းငွေပေးချေမှုတွေဟာ မေလထဲမှာ ခက်ခဲလာပြီး နိုင်ငံတကာငွေလွှဲတာတွေလည်း လုပ်လို့မရ တာတွေဖြစ်ခဲ့တယ်။ ငွေသားနဲ့သာ ပေးချေဝယ်ယူနိုင်တဲ့ပုံစံဖြစ်သွားပြီး၊ ငွေထုတ်စက်တွေ ဘဏ်တွေ ရှေ့မှာ လူတန်းရှည်ကြီးတွေ ထွက်ပေါ်လာတယ်။ ဘယ်တုန်းကမှ မကြားဘူးတဲ့ ကိုယ်ံငွေကိုယ်ပြန် ထုတ်တာကိုပဲ ငွေထုတ်ချင်ရင် ကော်မရှင် ၁၀% ပေးရတယ်ဆိုတဲ့ ပေါက်စျေးတွေထွက်လာတယ်။

 

မြန်မာငွေတန်ဖိုးဟာ ၃လအတွင်း ၂၀%လောက်ကျသွားတယ်။ စစ်အာဏာမသိမ်းမီက အမေရိကန်တစ်ဒေါ်လာဟာ မြန်မာကျပ် ၁၃၅၀ပတ်ဝန်းကျင်မှာရှိတယ်။ မေလမှာ ၁၆၀၀ လောက် ဖြစ် လာပြီး ခုဆို ၂၁၀၀ကျော်မှာရှိနေတယ်။ အဲဒီအချိန်ဟာ မြန်မာငွေကျပ်တည်းနေတဲ့အချိန်ဖြစ်တယ်။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ဘဏ်အရံအပ်နှံငွေ (ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်မှာ အပေါင်တင်ထားရတဲ့ငွေ) တွေရဲ့ ပိုငွေတွေကို ပြန်မပေးဘူးလို့ ဘဏ်တွေကပြောတယ်။ အနှစ်ချုပ်က မြန်မာဗဟိုဘဏ်က လူတွေငွေဝိုင်းထုတ်ရင် ခံနိုင်အောင် ပုဂ္ဂလိကဘဏ်တွေကို နောက်ကပံ့ပိုးပေးရ မယ့်ငွေမရှိဘူး။ ဒီတော့ တရက်ကို ၂သိန်းတို့ နောက်ပိုင်းမှာ တစ်ပတ်ကို ၅ သိန်းတို့စတဲ့ အလီလီထုတ် ပေးတဲ့စနစ်ကို သုံးစေတယ်။

 

၂၀၂၁ မေလကုန်မှာ ဖိုင်နင်ရှယ်တိုင်းမ်က ထုတ်တဲ့ သတင်းမှာ (မြန်မာပြည်ပြဿနာကို စောင့် ကြည့်လေ့လာနေတဲ့) ရစ်ချတ်ဟိုစေးပြောတာကို ပြန်တင်ပြထားတယ်။ ပြဿနာက ၃ ခုလို့ ဆိုတယ်။ တစ်က ဘဏ်ပြဿနာတွေက အရင်ကတည်းကရှိနေတာ၊ နှစ်က အာဏာသိမ်းတဲ့ အကျိုးဆက်က စီးပွားရေးကိုထိခိုက်စေတာနဲ့ သုံးက ဘဏ်ဝန်ထမ်းတွေကိုယ်တိုင် စီဒီအမ်လုပ်လာတာကြောင့် ဖြစ်တယ်။

 

မြန်မာငွေကြေးရိုက်နှိပ်ရာမှာသုံးတဲ့ စာရွက်၊ဆေး စတဲ့ ပစ္စည်းတွေကို ထောက်ပံ့တဲ့ ဂျာမန် ကုမ္ပဏီ (Giesecke & Devrient) က မတ်လကုန်ခါနီးလောက်မှာ သူ့ပစ္စည်းတွေသွင်းနေတာကို ရပ် လိုက်တာကလည်း မြန်မာငွေကြေး ကျပ်သွားတဲ့အကြောင်းတချက်အဖြစ်တွေ့ရတယ်။ သို့သော် ပြည်တွင်းငွေအကျပ်အတည်းဟာ တစ်နည်းနည်းနဲ့ နောက်ပိုင်းမှာပြေလည်သွားတာတွေ့ရတယ်။

 

အရေးပါတဲ့ ကိန်းဂဏန်းတချို့

 

အာဏာသိမ်းပြီး ၃လကျော်မှာ မြန်မာငွေဟာ ၂၀% ကျသွားပြီး၊ ၈လကြာလို့ စက်တင်ဘာမှာ ၆၀% အထိ ကျဆင်းသွားတယ်။ တဘက်မှာ ဂျီဒီပီဟာ ၁၈.၇% ကျသွားတယ်။ ကိုဗစ်နဲ့ စစ်အာဏာ သိမ်း ၂ ခုပေါင်းလို့ သတ်မှတ်ကြပေမဲ့ စစ်အာဏာသိမ်းဒဏ်က ပိုပါတယ်ဆိုတယ်။ ၂၀၂၁ အကုန်မှာ ငွေလဲနှုန်းဟာ ၂၀၀၀ ကျော်မှာ ဖြစ်နေမယ် ပြန်မကျနိုင်တော့ပဲ ဒီအတိုင်းဆက်သွားရင် ၂၀၂၂ အကုန်မှာ ၃၀၀၀ လောက်အထိဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြတယ်။

 

၂၀၂၂ ဇန္နဝါရီ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကထုတ်တဲ့ အစီရင်ခံစာအရ အာဏာသိမ်း အပြီး တနှစ်ကျော်အကြာမှာ လုပ်ငန်းတွေရဲ့ ၈% ဟာ ပျက်ဆီးသွားမှာဖြစ်တယ်၊ ဒါဟာ လူ ၁ ဒသမ ၆ သန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတဲ့သဘောလည်း ဖြစ်တယ်။ အဓိကအထိနာတဲ့ ကဏ္ဍ တွေက ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ တောကလယ်သမားတွေပဲလို့ ထောက်ပြတယ်။ ယူအင်ဒီပီက အစီရင်ခံစာကတော့ နိုင်ငံလူဦးရေရဲ့ တဝက်လောက်ဟာ ဆင်းရဲတယ်ဆိုတဲ့ သတ်မှတ် ချက်ထဲကို ရောက်သွားမယ်၊ ဒီအခြေအနေဟာ ၂၀၀၅ နောက်ပိုင်းမှာ တခါမှမဖြစ်ဘူးခဲ့တဲ့ အခြေအနေ ဖြစ်ပြီး စစ်အာဏာသိမ်းမှုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ရခဲ့တဲ့ ကြွယ်ဝမှုနဲ့ ဖွံ့ဖြိုးမှုကို တနှစ်အတွင်း ဖြိုဖျက်ပစ်လိုက်တာပဲလို့ ကောက်ချက်ချတယ်။

 

ပြည်တွင်းပြည်ပအခြေအနေ

 

ယူကရိန်းကို အမေရိကန်နဲ့ အနောက်အုပ်စုက ခုရက်ပိုင်းမှာ တာဝေးပစ်အမြှောက်တွေ ထောက်ပံ့ပေးထားပြီး၊ အမေရိကန်ဟာ ရုရှားရေနံနဲ့ ဓါတ်ငွေ့ကနေရတဲ့ စစ်စားရိတ်ကိုဖြတ်တောက်ဖို့ ဆော်ဒီကို ဘိုင်ဒင်ရောက်သွားတယ်။ ရလဒ်ကချက်ခြင်းမပေါ်သေးပေမဲ့ ရုရှားဟာ ခက်ခဲလာမှာတော့ အသေအချာပဲ။ တရုတ်က ကိုဗစ် ဇီးရိုးပေါ်လစီကို ၂၀၂၇ အထိတိုးလိုက်တယ်။ ဆိုလိုတာက ကိုဗစ်မျိုး ကွဲတွေဆက်ထွက်ပေါ်နေမှာဖြစ်ပြီး သူ့ရဲ့ ခေတ်မမှီတဲ့ ကာကွယ်ဆေး (တရုတ်နဲ့ ရုရှားဆေးတွေဟာ အာအင်အေ နည်းပညာနဲ့ မဟုတ်) တွေနဲ့ အတူထိမ်းညှိတဲ့ ပြည်တွင်းပိတ်ဆို့မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်တိုက်လာနေဖို့ရှိတယ်။ မျိုးကွဲ BA5 ဟာ ထွက်လာသမျှထဲမှာ ကူးစက်မှုအလွယ်ဆုံးဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။

 

အာဆီယံမှာ ကမ္ဘောဒီးယား ဒီနှစ်ပြီးရင် နောက်လာမယ့် အင်ဒို။ အမေရိကန်ရဲ့ ဆက်တိုက်တွန်း လာမယ့် အရွေ့တွေနဲ့ (ခုထိတော့ ယူကရိန်း ရုရှား နဲ့ တရုတ် ထိုင်ဝမ်လို အရေးတကြီး မသတ်မှတ်ပေမဲ့) ဘိုင်ဒင်ရဲ့  ၂၀၂၄ ရွေးကောက်ပွဲမတိုင်ခင် ဒီမိုကရေစီပရိုမိုးရှင်းတွေကို တွေ့ကြရဖို့ ရှိတယ်။ မအလရဲ့ ရုရှားခရီးစဥ်အရ စကစဟာ နိုင်ငံတကာ တရားဝင်မှုမရရှိတော့တာလည်းသေချာ၊ စီးပွားရေးလည်း တွင်းဆုံးကျ၊ တဘက်မှာ ပြည်တွင်းခုခံစစ်နဲ့ တိုက်စစ်တွေဟာလည်း အရှိန်ရလာကြတော့မှာဖြစ်တယ်။ စစ်တပ်အတွက် သြဇီခိုလှုံခွင့်ဟာ အသက်ဝင်လာတာတွေ့ရတယ်။

 

အခြေအနေတွေက ၂၀၂၃မှာ မြန်မာစစ်အာဏာသိမ်းသမိုင်းဆိုးကြီး တစ်ဇာတ်သိမ်းတော့မယ် လို့ ညွှန်ပြလာတယ်။ ပြည်တွင်းညီညွတ်ရေးဟာ အခြေခံဖြစ်ပြီး ပြည်ပအကူအညီဟာ တိုက်ပွဲနဲ့ ပြန် လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဖြစ်တယ်။

 

၂၃ ဇူလိုင် ၂၀၂၂

ပေါ်ပြူလာသတင်းက ၂ခု။ တစ်ခုက နိုင်ငံခြားငွေကို စကစ က ဆက်တိုက်ထိမ်းချုပ်သိမ်းယူ နေမှု ဖြစ်ပြီး နောက်တစ်ခုက ကော်သူလေးတပ် သီးခြားထူထောင်မှုဖြစ်တယ်။ တော်လှန်ရေးနဲ့ ဆက် စပ်ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေမို့ တော်လှန်ရေးတစ်ခုလုံးကနေပဲ ချဥ်းကပ်ကြည့်ဖို့လိုမယ်။

 

ပါဝါနဲ့ အဖွဲ့အစည်းတည်ဆောက်ပုံ

နွေဦးတော်လှန်ရေးမှာ ပထမဆုံးအားကောင်းစွာ ထွက်ပေါ်လာတာက အကြမ်းမဖက် အာဏာ ဖီဆန်ရေးဖြစ်တဲ့  စီဒီအမ်လှုပ်ရှားမှု နဲ့ လမ်းပေါ်ဆန္ဒပြမှုတွေဖြစ်တယ်။ အကြမ်းမဖက်လှုပ်ရှားမှုဟာ တော်လှန်ရေးရဲ့ ခိုင်မာတဲ့ အခြေခံကိုပေးခဲ့ပေမယ့် အခက်အခဲတွေနဲ့ ဖိနှိပ်မှုတွေ ပြင်းထန်လွန်းတဲ့ အတွက် နောက်ပိုင်းမှာ လက်နက်ကိုင်လှုပ်ရှားမှုဆီကို ကူးပြောင်းသွားတယ်။

လူထုကိုလုံးလုံးလျားလျား အခြေခံတဲ့ အကြမ်းမဘက်ဖီဆန်ရေး (ခေါင်းဆောင်မှုမဲ့ အလျား လိုက် ဖွဲ့စည်းမှု) ကနေ လက်နက်ကိုင်တော်လှန်ရေး (ဒေါင်လိုက်ဆင့်ကဲ ဦးဆောင်မှု) ရဲ့ နက်ရှိုင်းမှုဆီကို ကူးပြောင်းလာတယ်။ ထက်အောက်ဆင့်ကဲ တာဝန်ယူရတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝါလွန်ဆွဲ မှုဟာ ရှောင်လွှဲရခက်တဲ့ အားပြိုင်မှုတခုဖြစ်တယ်။ ကော်သူလေးတပ်ဟာ ဒီဖြစ်စဥ်ရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်တယ်။

 

စီးပွားရေးပေါ်ရိုက်ခတ်မှု

လက်နက်ကိုင်တော်လှန်ရေးတရပ်ဟာ နက်ရှိုင်းလာလေလေ စီးပွားရေးပေါ်ရိုက်ခတ်မှုဟာ ကြီးမားလာလေလေ ဖြစ်တယ်။ ဒီနေရာမှာ တော်လှန်ရေးအတွက် ငွေကြေးလိုအပ်ချက်ကြီးမားလာ တာ ဖြစ်သလို၊ စစ်ကိုဖြတ်သန်းရဖို့ဖြစ်လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးပေါ်ကို သက်ရောက်မှုကလည်း ပြင်းထန်လာတယ်။

လက်ရှိ နိုင်ငံခြားအရံငွေ (Foreign Reserve Currency) သဘောတရားဟာ ၁၉၄၄ ဘရိုက် တန်ဝုဒ် သဘောတူညီချက်ကနေ ပေါ်ထွက်လာတာဖြစ်တယ်။ အမေရိကန်ဒေါ်လာကို အပြည်ပြည်ဆိုင် ရာသုံး‌ငွေအဖြစ် သဘောတူညီပြီး၊ ဒေါ်လာနဲ့ ရွှေကြားက တန်ဖိုးသတ်မှတ်ချက်ကို အသေထားတယ်။ ရွှေကိုမူတည်ပြီး ဒေါ်လာနဲ့ တခြားနိုင်ငံသုံးငွေတွေကြားက လဲလှယ်နှုန်းကိုလည်း အသေထားတယ်။ အဲဒီသတ်မှတ်ချက်က ၁၉၇၃ အထိပဲခံတယ်။ နောက်ပိုင်းမှာ ငွေကြေးတွေအားလုံးဟာ ဒေါ်လာနဲ့နှုန်း သေသတ်မှတ်နှုန်းမရှိတော့ဘဲ နှုန်းရှင် ကိုကူးပြောင်းသွားတယ်။

 

လက်ရှိနိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်မှုနဲ့ စျေးကွက်သဘောတရားတွေဟာ အရင်းစနစ် အတွင်းမှာ လည်ပတ်နေတာဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီနဲ့ စျေးကွက်စီးပွားရေးဆိုတာ အရင်း စနစ်ရဲ့ တောင်ပံနှစ်ဖက်ပဲဖြစ်တယ်။ လက်ရှိ ငွေကြေးအကျပ်အတည်းနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှု တွေကို နားလည်ဖို့ လက်ရှိအရင်းစနစ်ပေါ် သိမြင်နားလည်ဖို့လိုအပ်တယ်။

 

ပြဿနာ ပုံစံ ၂မျိုး

ဒီတော့ ပြဿနာ ၂ ခုမှာ တစ်ခုက မော်ဒန်ပြဿနာ၊ ပါဝါကိုတည်ပြီးဖြစ်တာ။ နောက်တစ်ခုက ပိုမိုပြဿနာ။ အရင်းစနစ်နဲ့ ငွေကြေး၊ ဘဏ်တိုးနှုန်း၊ အလုပ်လက်မဲ့၊ ဘွန်း၊ ကုန်သွယ်မှု၊ အခွန် စတာ တွေနဲ့ နိုင်ငံတကာနဲ့ ဆက်စပ်နေတာ၊ ဆက်စပ်ဖြေရှင်းဖို့လိုတာ။

စကစ ဘက်မှာ ပါဝါနဲ့ဆိုင်တဲ့ပြဿနာက သူ့အဖွဲ့အစည်း အမိန့်နာခံမှုစနစ်ခိုင်မာမှုနဲ့ အကျိုး စီးပွားတွေပေါ်မှာ မူတည်လို့ ရှိပေမဲ့ ရှင်းနိုင်တာကို တွေ့ခဲ့ရတယ်။ သို့သော် ငွေကြေးပိုင်းဆိုင်ရာ ပြဿနာမှာကတော့ သူတို့ချည်း ရှင်းလို့ရတာမျိုးမဟုတ်။ ဒီတော့ တော်လှန်ရေးရှည်ကြာတာနဲ့အမျှ အကျပ်အတည်းဟာ ပိုလို့ကြီးမားလာမှာ၊ ဖြေရှင်းဖို့ခက်ခဲလာမှာ အသေအချာပဲ။

 

လူမှုတော်လှန်ရေး ဒုတိယအဆင့် – ဖက်ဒရယ်

လူမှုတော်လှန်ရေးတရပ်ဆိုတာ လူတဦးတယောက်၊ အဖွဲ့အစည်းတခု ရဲ့ အကျိုးစီးပွား၊ အလို ဆန္ဒနဲ့ တွန်းအားတွေ လုပ်ဆောင်ချက်တွေကို မှီပြီးပေါ်လာတာမျိုးမဟုတ်ဘူး။ လူ့အဖွဲ့အစည်းထဲမှာ ရှိတဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ ရည်ရွယ်ချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ သဘောတရားတွေကြား အား ပြိုင်ရင်း နောက်ဆုံးတိုက်ပွဲဝင်ဖို့ ပေါ်ထွက်လာတာဖြစ်တယ်။ ဒီအခြေအနေတွေ အားလုံးပေါ်က ထွက် ပေါ်လာတဲ့ ရလဒ်တွေဟာ ရှုံးနိမ့်မှုတွေ၊ စိတ်ဓတ်ကျမှုတွေ၊ မျှော်လင့်ချက်တွေ၊ အောင်မြင်မှုတွေနဲ့ ရော ထွေးနေမှာဖြစ်တယ်။

အရေးကြီးတာက တော်လှန်ရေးဦး‌ဆောင်မှုအပိုင်းဖြစ်တယ်။ စစ်အာဏာရှင်ကျဆုံးရေးအဆင့် မှာ လက်နက်ကိုင်တော်လှန်ရေးဟာ အဆုံးအဖြတ်ဖြစ်လာတယ်။ ဒေသခံအင်အားစုတွေကို ပါဝါလည် ပတ်မှုအတွင်း ထည့်သွင်းတာဝန်ယူစေပြီး ထက်အောက်တာဝန်ယူမှုကို ဖော်ဆောင်နိုင်ဖို့ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကတော့ ဒီ့ထက်ပိုပြီး ကျယ်ပြန့်လာတာမျိုးဖြစ်တယ်။ သူက စစ်တိုက်တာ သက်သက်နဲ့ ဖြေရှင်းနိုင်တာမျိုးမဟုတ်။ စီးပွားရေးပြဿနာတွေလိုပဲ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံ တတ်ဖို့ ဆက်စပ်မြင်တတ်ဖို့ လိုလာတာမျိုးဖြစ်တယ်။

ကမ္ဘာသမိုင်းမှာ တော်လှန်ရေးတွေ များစွာထင်ရှားဖြစ်ပေါ်ခဲ့တယ်။ အာဏာရှင်တွေပြုတ်ကျ သွားတာလည်း အထင်အရှားဖြစ်တယ်။ သို့သော် တိုင်းပြည်ကို လူထုအတွက်အကျိုးရှိမယ့် နိုင်ငံရေး စနစ်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွင်း ထားရှိနိုင်ဖို့ကတော့ စစ်တိုက်တာအပြင် အခြားသိမြင် တတ်ကျွမ်းမှုနဲ့ ပံ့ပိုးမှုတွေပါ လိုအပ်လာမယ်ဆိုတာ ကမ္ဘာ့တော်လှန်ရေးတွေနဲ့ စကစရဲ့ လက်ရှိ အခြေ အနေတွေက သက်သေပြနေတာဖြစ်တယ်။

 

ကျော်ဇောခိုင်