ဒီနေ့ သြဂုတ်လ ၂ ရက်နေ့၊ မနက် ၆ နာရီကျော်က ကလေးမြို့တောင်ဘက် သာယာကုန်းကျေးရွာအနီးမှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” မနက်အစောကြီး စခတွေက နည်းပညာတက္ကသိုလ်ကနေ တောင်ဘက်ကို စစ်ကြောင်းထွက်တာ ။ဆတ်သေချောက်နားရောက်တော့ အသင့်စောင့်နေတဲ့ PDF အဖွဲ့နဲ့ ဖြစ်ကြတော့တာပဲ။ မိုင်းကွဲသံလိုမျိုးတွေလည်းကြားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ကျောင်းထဲက စခတွေကလည်း လက်နက်ကြီးနဲ့ တော်တော်ထုတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေကို DNA က တော်လှန်ရေးအင်အားစုတွေဘက်ကို မေးမြန်းရာမှာ ” ဒီကောင်တွေ မိုင်းကွင်းထဲကိုဝင်လာတယ်။ ဒါပေမယ့် မိုင်းကွင်းအလယ်တည့်တည့်မရောက်ဘူး။ မိုင်းဆွဲတော့ ဆယ်ယောက်ဝန်းကျင်တော့ထိတယ်။ မိုင်းကွင်းအလယ်မှာဆိုရင်တော့ မုန့်ဟင်းခါးပွဲရေတော်တော်များမှာ” လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။
သာယာကုန်းရွာအနီးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF (KKG) နှင့် RKDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ PDF Kalay က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိကာ ဒေသခံတော်လှန်ရေးတပ်ဘက်က ထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်။ သေဆုံးတဲ့ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကလေးနည်းပညာတက္ကသိုလ်ထဲကို ဆွဲယူသွားကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နည်းပညာတက္ကသိုလ်ထဲက ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို မနက် ၁၁ နာရီဝန်းကျင်မှာ ကလေးမြို့ဘက်ကနေ ဆယ့်နှစ်ဘီးကားနဲ့ လာတိုက်သွားတယ်လို့ ဒေသခံ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
တိုက်ပွဲဟာနေ့လယ်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နည်းပညာ တက္ကသိုလ်ထဲကနေ လက်နက်ကြီးတွေနဲ့ သယာကုန်းရွာဘက်ကို တရပ်စပ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေဟာ ရှောင်ထွက်ခဲ့တယ်လို့သိရပါတယ်။
ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ သာယာကုန်းကျေးရွာကို ဝင်ရောက်ပြီး တပ်ချနေတယ်လို့ ဒေသခံတွေက အတည်ပြုပေးပါတယ်။ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တာမို့ ကလေး – ဂန့်ဂေါလမ်းကို သွားလာခြင်းမပြုကြဖို့ Kalay PDF ကထုတ်ပြန်ထားပါတယ်။