ဒီနေ့ညဦးပိုင်းအထိ ဖလူး-ဝေါလေလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

Photo- Cobra Column
ဒီနေ့ညနေ ၃ နာရီခွဲလောက်က စပြီး ဖလူး-ဝေါလေလမ်းပိုင်း၊ ကဆောဝါးတောင် သုံးထပ်ကွေ့မှာ KNU /KNLA ပူးပေါင်းတပ်တွေ နဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က DNA ကိုပြောပါတယ်။ အကြမ်းဖက် စစ်အုပ်စုဘက်က တိုက်လေယဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။
“ပစ်နေတာတော့ ရက်ကြာနေပြီ။သူတို့ စစ်ကောင်စီ စစ်ကြောင်းက သောင်းရင်းမြစ်ဘေးကလည်း တက်တယ်။
ကဆောဝါးလေး ၃ ထပ်ကွေ့ကိုလည်း တက်လာတော့ တိုက်ပွဲက နေ့တိုင်းပစ်နေတယ်။ ဒီနေ့ ကဆောဝါးလေး တောင်ကြောလေးဒေးနဲ့ သရက်တပင် နေရာဘက်ကို လေယဉ်နဲ့ပစ်တယ်။ ဗုံးကြဲတာတွေ လုပ်တယ်။ ပြီးတော့ သူတို့လက်နက်ကြီး ကုန်းတွေကနေ အလုံးကြီးတွေ ပြိုင်တူ ပစ်ထုတ်တယ်။ မြေပြင်စစ်ကြောင်းကလည်း တက်ပစ်နေတာ ဆိုတော့ တိုက်ပွဲက အပြင်းအထန်ပဲ ၂ ဖက် အထိအခိုက် အခြေအနေတော့ မသိသေးဘူးလို့”အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေအနေနဲ့ ဖလူးဝေါလေ လမ်းပိုင်း သုံးထပ်ကွေ့နေရာကို စစ်ကြောင်း နှစ်ခုနဲ့ ဖလူးဘက်ကရော၊ ဝေါလေ – ဥကရိထဘက်ကပါ နှစ်ဖက်တောင်ကြော လမ်းပိုင်းတလျှောက် စစ်အင်အား တိုးချဲ့တိုက်ခိုက်နေတဲ့ အခြေအနေမှာ တလခန့် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီအခြေအနေမှာ KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ အထိအခိုက်အကျအဆုံးများပြီး တပ်ရင်းဖွဲ့စည်းပုံပျက်ယွင်းကာ စစ်သားတွေ ထွက်ပြေးတာ ၊ CDM လုပ်ပြီး KNU ဆီ အလင်းဝင်ရောက်တာတွေ ရှိနေပါတယ်။
ဒီနေ့ညဦးပိုင်းအထိ စစ်ကောင်စီဘက်က အင်အားဖြည့် စစ်ကူစစ်ကြောင်းတွေနဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေစဲဖြစ်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ပရာစစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။