ဗညားမော်
တကယ်တွေ့ကြုံနေတဲ့ ဖြစ်ရပ်တွေက ခါးသီးပက်စက်နေတော့ အတွေးတွေနဲ့ အတွေးတွေကို သယ်ဆောင်လာတဲ့ စကားလုံးတွေဟာလည်း ကြမ်းတမ်းရင့်သီးနေမှာ အမှန်ပါပဲ။ ရှောင်လွှဲမရနိုင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုင်းပြည်က လူများစုဟာ ဗုဒ္ဓဘာသာ အစစ်တွေမဟုတ်တောင် ဗုဒ္ဓအဆုံးအမနဲ့ ဗုဒ္ဓဘာသာနဲ့ ဆက်စပ်နေတဲ့ ဓလေ့တွေမှာ ရင်းနှီးပျော်ဝင်ခဲ့ရတော့ သွေးပူ သွေးဆူတတ်တဲ့ ဗီဇရှိတယ် ဆိုနိုင်ရင်တောင် သတ်ဖြတ်တဲ့ ကိစ္စတွေမှာ လက်ရွံ့တတ်တယ် ဆိုနိုင်တယ်။ ဖြစ်ရပ်လေးတစ်ခု ဖောက်သည်ချချင်မိ။ အခု ပြည်ပြေးလို ဖြစ်နေတဲ့ ကျနော့် ညီငယ်လိုနေတဲ့ ကဗျာဆရာ မီဒီယာသမားတစ်ယောက်ရှိတယ်။ သူက နွေဦးတော်လှန်ရေးစကတည်းက ပြည်တွင်းမှာ တရားမဝင်ဖြစ်သွားတဲ့ မီဒီယာတွေနဲ့ တော်လှန်ရေးမီဒီယာတွေမှာ မျက်မှောက်ရေးရာ သဘောထားအမြင် ဆောင်းပါးတွေကို လျှိုကလောင်တစ်ခုနဲ့ ရေးလာခဲ့တာ၊ နောက်ပိုင်းကျတော့ သူ့လုံခြုံရေး (လုံခြုံရေးဆိုရာမှာ တကယ့်မြေပြင်လုံခြုံရေးရော စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးပါ)အရ လွတ်မြောက်နယ်မြေထိ ရောက်သွားပြီး အဲဒီမှာ အခြေစိုက်တဲ့ မီဒီယာတစ်ခုမှာ ဝင်လုပ်ရင်း သူ့မီဒီယာမှာ တာဝန်ယူထားတဲ့ အလုပ်တွေလည်း လုပ်၊ တစ်ဖက်က နွေဦးဆောင်းပါးတွေကိုလည်း ရဲရဲတောက် ရေးပေါ့။ တစ်လောကတော့ သူ ထိုင်းထီ နည်းနည်းပါးပါး ပေါက်လို့ စစ်ရှောင်စခန်းတစ်ခုကို ပေါက်တဲ့ ထီဆု အကုန်လှူလိုက်သတဲ့။ ကျနော့်ဆီ လှမ်းသတင်းပါးတယ်။
နှုတ်ခမ်းနီဖိုးလိုတဲ့ နေရာတွေတော့ မလှူဖူးလားလို့ ကျနော်က မေးတဲ့အခါ “ကျနော်အဲဒီခံစားမှုတော့ရှိတယ်။ တိုက်တာကို ထောက်ခံတယ်၊ ဒါပေမဲ့ တစ်ခါပြေးတုန်းက pdf တစ်ယောက်ရဲ့ သေနတ် သူ ကားတွယ်စီးနေတာ အဆင်မပြေလို့ ၂မိနစ် လောက်ကိုင်ပေးရတာ အဆင်မပြေဘူးဗျာ။ သေနတ်က တော်တော်အေးစက်နေသလို ခံစားရ ကြက်သီးထတယ်” တဲ့။ ခြွင်းချက်ကိစ္စကို သာဓကအဖြစ်ပြောတာပါ၊ ယေဘုယျလုပ်ပစ်လိုက်ဖို့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ ဒီလူဟာ သားပစ် မယားပစ် တော်လှန်ရေးထဲ ပါဝင်နေသူဖြစ်ပေမဲ့၊ အခု မရည်ရွယ်ထားသော်လည်း ပြည်ပြေးဘဝမှာကို နွေဦးမှာ နိုင်သမျှ ကိုယ်ကျွမ်းကျင်လိမ္မာရာဘက်ကနေ တတ်နိုင်သလောက် ရုန်းနေသူဖြစ်ပေမဲ့ သေရဲ သတ်ရဲမှာ တစ်ဖက်ပဲ လက်တွေ့ရမယ့် သူမျိုး ဖြစ်လောက်တယ်။
တော်လှန်ရေးမှာ လက်တွေ့ ရင်ဆိုင် သေနတ်ကိုင်တိုက်နေတဲ့ သူတွေ၊ ရန်သူ့လမ်းကြောင်းကို မိုင်းတွေ ဗုံးတွေနဲ့ တားဆီးဟန့်တားနေသူတွေဟာလည်း သတ်ရဲသူတွေ၊ လူသတ်ချင်စိတ်နဲ့ ဆင်နွှဲနေသူတွေလို့ မဆိုလိုနိုင်ပါ။ မြေပြင်က ရဲဘော်တွေ၊ အားတက်သရော လက်နက်ရန်ပုံငွေ ရှာဖွေစုဆောင်း ပေးနေ ကိုယ်တိုင်ထည့်ဝင်နေကြသူတွေဟာ တချို့ လက်စားချေချင်စိတ်၊ နာကြည်းစိတ် အမုန်းတရား ရှိချင် ရှိနိုင်ပေမဲ့ သွေးဆာနေသူတွေတော့ မဟုတ်နိုင်ပါ။ ဒီစနစ်၊ ပြောင်းဝက အာဏာထွက်တဲ့ စနစ်၊ ပြောင်းဝအာဏာနဲ့ တိုင်းပြည်နဲ့ နိုင်ငံရေးရဲ့ အရာရာကို လက်ဝါးကြီးအုပ် ခြင်္သေ့ဝေစု ကိုင်ထားတဲ့ စနစ်ကိုတော့ မဖြစ်မနေ ဒီမြေဒီရေကနေ ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့ထိ သတ်ဖြတ်မျိုးတုန်းမှ ဖြစ်တော့မယ့် တကယ့်အဖြစ်မှန်ကို မျက်မှောက်ပြု ကိုယ်တိုင်ခံစား နားလည် အလင်းပေါက်သွားတဲ့သူတွေသာ ဟုတ်နိုင်ပါတယ်။
ကိုယ်တိုင်က ဒီစနစ်ကို မသတ်ရဲရင် ဒီစနစ်ဟာ သူဆက်လက်ရှင်သန်ဖို့ရာ အခု သူ့ကို ဆန့်ကျင်နေသူတွေကို စစ်ဂိုဏ်းသားတွေက တရားမဲ့ သတ်ဖြတ်နေကြတာ လက်တွေ့မဟုတ်လား။ လမ်းပေါ်မှာ သေနေကြရ တယ်။ အိမ်ထဲကို အထောက်အထားမဲ့ ဝင်ဆွဲပြီး သတ်ဖြတ်ကြတယ်။ အဖေ့ရင်ထဲက လူမမယ် ကလေးငယ် လည်း သေနတ်စမ်းခံရတယ်။ စစ်ကြောရေးမှာ ညှဥ်းဆဲ ရိုက်သတ်ခံရတယ်။ အပစ်မဲ့ ဆိုင်ကယ်ပေါ်က အိမ် အပြန် လင်မယားလည်း ပစ်ချခံရတယ်။ ရွာကိုဝင်စီး ရွာမီးရှို့ရင်း အရှင်လတ်လတ် မီးရှို့အသတ်ခံရတယ်။ အသက်တွေ သတ်ရုံတင်မဟုတ် အိုးအိမ်စည်းစိမ်ကို လုယက်ဖျက်ဆီး၊ စားရေရိက္ခာ စပါးပုံတွေကို မီးရှို့၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ စိုက်ပျိုးရေးတွေကို လုပ်ကိုင်ဖို့ မလုံခြုံနဲ့ ရှင်နေသေးတဲ့ သူတွေရဲ့ ဘဝရပ်တည်မှုတွေကိုလည်း သတ်နေတာပါပဲ။ နယ်ဘက် စစ်ကြောင်းကျရာနေရာတွေတွင်ပဲလား။ မြို့ပြမှာ ငါတို့ အပူမဟပ်သေးဘူးလို့ စဉ်းစားနေမိသလား။ ဒီမှာ လက်ရှိ မျက်မှောက်သတင်းတစ်ခုကို ကြည့်လိုက်ပါ။ “ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး၏ နိုင်ငံခြားဘဏ်စာရင်းရှိ ဒေါ်လာငွေများကို ယနေ့ (ဇူလိုင် ၂၁) ညနေ ၆ နာရီ နောက်ဆုံးထား၍ ကျပ်ငွေဖြင့် အပြီးလဲလှယ်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ညွှန်ကြားလိုက်သည်။” ဒါ ပူပူနွေးနွေးသတင်းပါ။ စစ်ကြောင်းထိုးရာ နယ်ဘက်ကျေး ဘက်တွေမှာ အောက်ခြေစစ်သားတွေက အကြမ်းပတမ်း ပြည့်သူ့ရိက္ခာ လုယက်ယူငင်နေသလို မြို့ပြက အပူ မရှာ သာသလိုနေနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ငွေစာရင်းထဲက နိုင်ငံခြား ငွေမာတွေဟာလည်း သူတို့စိတ်ကြိုက်သတ်မှတ်တဲ့ နှုန်းအရ ပျော့ပြဲပွယောင်း ပြည်တွင်းငွေတွေနဲ့ လဲလှယ်လုယက်ယူငင်မယ်ဆိုတဲ့ ညွှန်ကြား ချက်ပါပဲ။ ဒီစစ်ဂိုဏ်းသားတွေရဲ့အောက်မှာ နေရင် ဒီလို ပြုသမျှနုရပြီး ဘဝ သေရဲရလိမ့်မယ် ဆိုတာ ထပ်ခါ ထပ်ခါ အချက်ပေးနေတာပါ။ ဒါကြောင့် ကြမ်းတမ်းရင့်သီးတဲ့ မေးခွန်းကိုပဲ မေးခွင့် ပြုပါ။ သေမလား၊ သတ်မလား။
လူ့အသက်မပြောနဲ့ သတ္တဝါမှန်သမျှရဲ့ အသက်ကို သတ်ဖြတ်ဖို့ ဝန်လေးလှတဲ့ နူးညံ့တဲ့ သူများကို ရည် ညွှန်း ပြောဆိုပါရစေ။ ကျနော်တို့ ဒီစနစ်ကို ဒီ ဖက်ဆစ်စနစ်ကို ဒီ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် မ သတ်နိုင်သရွေ့ ကျွန်တော်တို့ လည်စင်းပြီး အသက်နဲ့ ဘဝတွေ အသတ်ခံပေးနေရတဲ့ အဖြစ်ဆိုးတွေဟာ ဆက်၍ဆက်ခါ လာနေဦးမှာ ဆိုတာ မလွဲပါဘူး။ ဒါကြောင့် ဝိနည်းလွတ် ထပ်မေးပါရစေ။ ဒီစနစ်အောက် သေမလား၊ ဒီ စနစ်ကို ပြတ်အောင် သတ်မလား။ ကျန်တာတွေကို မျက်နှာမလွဲနိုင် သွေးရဲနိုင်သူတွေက တာဝန်ယူသွားပါလိမ့် မယ်။ ကျွန်တော်တို့အားလုံး စိတ်ရော ကိုယ်ပါ နိုင်သမျှ နေရာ နိုင်သမျှ အခန်းက ပါဝင်သွားကြဖို့ပါပဲ။
စစ်ဂိုဏ်းသားတွေကရော သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကရော ပြောခွင့်ရှိရာနေရာတွေကနေ စကားအမျိုးမျိုးပြောနေတာ ပလ္လင်လုတဲ့ ဇာတ်ကွက်မရောက်ခင်ကတည်းက ကျွန်တော်တို့အားလုံး ကြားသိပြီးဖြစ်ပါတယ်။ မုသားတွေနဲ့ ပြောင်လိမ်ပြောင်စားတွေဆိုတာလည်း အားလုံး တွေ့ကြုံ သဘောပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ မီးဆင်ကြည့်ပြီး ရွှန်းရွှန်းဝေဇာတ်စာတချို့ကို မျက်နှာပြောင်ပြောင်ရွတ်နေတဲ့ ဇာတ်ပွဲကြီးမျှဆိုတာ လေးနက်စွာ ကြည့်ရှုသူတွေက အစင်းသား နားလည်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မချစ်ဘဲ အောင့်နမ်းခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရလို့ ပြောပြီး အာဏာထိန်းသလို မုသားစကားဆိုစဉ်မှာပဲ အဲဒီဂိုဏ်းခေါင်းဆောင်ဟာ သူ့ဖွဲ့စည်းပုံကို မြေချ ခြေထောက်က နင်းထားပြီး ဖြစ်နေပါတယ်။ အာဆီယံ နိုင်ငံခေါင်းဆောင်တွေရဲ့ စာပွဲဝိုင်းအစွန်နားမှာ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ အချိုသတ် သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာလည်း လုပ်ရပ်နဲ့ သက်သေမထူနိုင်တဲ့ စကားလုံးအခွံအဖွဲတွေမျှဆိုတာ သိသာလှပါပြီ။ တိုက်ပုံအင်္ကျီအဖြူလေး ကောက်စွပ်ပြီး မင်သေသေနဲ့ ဂိုဏ်းခေါင်ဆောင်ရဲ့ နှုတ်ထွက်စကားမှန်သမျှထက် ဆိုရွားကျယ်လောင်တဲ့ သူတို့စစ်ဂိုဏ်းရဲ့ လုပ်ရပ်တွေဟာ လည်း ကနဦးမှာ မယုံနိုင်စရာ ဆိုးရွာယုတ်မာမှုတွေ ဖြစ်ပြီး အထပ်ထပ် ကြမ်းလာတဲ့အခါ ကိန်းဂဏန်းတွေမျှသာဖြစ်ပြီး တန်ဖိုးမဲ့သွားမှာလား၊ လူတွေက မထူးတော့တဲ့ ခံစားချက်တွေ ဝင်သွားတော့မှာလားလို့ တွေးရလောက်အောင် များပြားလှပါပြီ။ အရေထူတယ်ဆိုတာ မိမိတို့ရဲ့ ခံနိုင်ရည် တိုးတက်လာတာပဲ ဖြစ်ပါတယ်။ သင်းတို့ရဲ့ ရာဇဝတ်မှုတွေက ရိုးသွားခြင်း ဟုန်သွားခြင်း မဟုတ်ပါ၊ တိုးသထက်တိုး များသထက်များလာတဲ့ ကိန်းဂဏန်းတွေဟာ ဒီစနစ်ကို အမြစ်ပြတ်အောင် သတ်ဖို့ လုံလောက်သည်ထက် လုံလောက်ကြောင်း သက်သေသာဓကပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သတ်ရဲ သေရဲသူ၊ မသတ်ရဲပေမဲ့ သေရဲရမယ့် (အခြေအနေကို ရင်ဆိုင်နေရ)သူ မိတ်ဆွေများ ခင်ဗျား။ လူမဆန်တဲ့ သူတွေဟာ၊ လောဘရမ္မက်မွှန်သူ ဒေါသအမျက် ထန်သူတွေဟာ အာဏာလုပြီး နိုင်ငံအနှံ့ ပတ်မွှေနေတာဟာ ရက်ပေါင်း ၅၅၀ ပြည့်လုပါပြီ။ သူတို့ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အဆိုးအသွမ်းဇာတ်တွေဟာ လည်း ငါးရာ့ငါးဆယ် ဇာတ်ပင်လယ်မက ကျွန်တော်တို့ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ ဇာတ်ပေါင်းတဲ့အခါ ဒေဝဒတ်လောင်းနဲ့ အပေါင်းပါတွေ မဟာအဝီစိငရဲတွင်းကိုဇောက်ထိုးဆင်းတဲ့ (အလွန်မရှုမလှ ဖြစ်နိုင်လောက်တဲ့) မြင်ကွင်းကိုတော့ ကြည့်ရဲအောင် ပြင်ဆင်ထားကြပါခင်ဗျား။