ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားရဲ့ အဓိကပြိုင်ဘက်အဖြစ် အမေရိကန်ကို ရည်ညွှန်းတဲ့ ရေတပ်အယူဝါဒသစ်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီအယူဝါဒသစ်မှာ အာတိတ်နဲ့ ပင်လယ်နက်လို အရေးပါတဲ့ ဒေသတွေအတွက် ရုရှားရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း ရည်မှန်းချက်တွေကိုလည်း ချမှတ်ထားတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၃၁ရက်နေ့က တော်ဝင်မြို့တော်ဟောင်း စိန့်ပီတာစဘတ်မှာ ရုရှားရေတပ်နေ့ အထိမ်းအမှတ်အနေနဲ့ သမ္မတပူတင်က မိန့်ခွန်းပြောဆိုခဲ့တာပါ။
မိန့်ခွန်းထဲမှာ ရုရှားနိုင်ငံကို ပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံအဖြစ် သတ်မှတ်ပေးပြီး ရုရှားနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုကို မြှင့်တင်ပေးခဲ့တဲ့အတွက် ဇာဘုရင်ဖြစ်တဲ့ မဟာပီတာကို ပူတင်က ချီးကျူးစကား ပြောဆိုထားပါတယ်။
မိန့်ခွန်းမစခင်လေးမှာ စာမျက်နှာ ၅၅ မျက်နှာပါဝင်တဲ့ ရေတပ်အယူဝါဒသစ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အယူဝါဒသစ်မှာ ရုရှားအတွက် အဓိက ခြိမ်းခြောက်မှုက ကမ္ဘာ့သမုဒ္ဒရာကို စိုးမိုးဖို့အတွက် အမေရိကန်ရဲ့ မဟာဗျူဟာမူဝါဒနဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ရုရှားနယ်စပ်တွေဆီ ပိုမိုနီးကပ်လာတာပဲ ဖြစ်တယ်လို့ ပါဝင်ပါတယ်။
ရုရှားရဲ့ဦးစားပေးက အိန္ဒိယနဲ့ ဗျူဟာမြောက် ရေတပ်ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်ပြီး အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျနဲ့ ဒေသတွင်းရှိ တခြားနယ်မြေတွေနဲ့လည်း ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
“ဒီအယူဝါဒအရ ရုရှားဖက်ဒရေးရှင်းဟာ ကမ္ဘာ့သမုဒ္ဒရာတွေအတွင်း သူ့ရဲ့အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ခုခံကာကွယ်နိုင်မှာဖြစ်ပြီး၊ လုံလောက်တဲ့ ပင်လယ်ရေကြောင်း အာဏာရှိတာဟာ သူတို့ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အာမခံလိမ့်မယ်” လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။