ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကျောင်းတက်သူတွေကို အွန်လိုင်းကနေ နှောက်ယှက်တယ်လို့ စွပ်စွဲပြီး လူငယ် ၃ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းနဲ့ ကုသိန္တာရုံလမ်းထောင့်မှာနေထိုင်တဲ့ ကိုမြတ်သူအောင်နဲ့ ကိုပြည်စုံအောင်တို့ကို ဇူလိုင် ၃၀ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ညနေပိုင်းမှာတော့ အမှတ် ၈ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“သူတို့ကို အိမ်စီးကား ၂စီးနဲ့ ဆိုင်ကယ်တွေနဲ့လာဖမ်းကြတာ အင်အား ၃၀ ကျော်လောက်ရှိမယ်၊ သေနတ်ကိုင်တဲ့ အရပ်ဝတ်တွေလည်းပါတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ သုံးယောက်စလုံးဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိလူငယ်တွေ ဖြစ်ကြပြီး သူတို့ရဲ့ လက်ကိုင် ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သိမ်းယူသွားတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သူတို့ ၃ဦးက ဆန္ဒပြတာမှာပါဖူးတော့ လူငယ်သဘာဝ ဓာတ်ပုံတွေ ရိုက်တင်ခဲ့တာရှိတယ်၊ မိဘဆွေမျိုးက ပိုက်ဆံရှိတော့ မလိုသူက အဲ့ဒီဓာတ်ပုံကိုခိုးယူပြီး အကောင့်တုနဲ့ လုပ်ကြံပြီး ဖမ်းခိုင်းတာ” လို့ အဖမ်းခံလူ ငယ်တွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
သူတို့ ၃ဦးကို ဖမ်းဆီးပြီး နောက်တရက်အကြာမှာတော့ သူတို့ရဲ့ ဓာတ်ပုံနဲ့ ဖွင့်ထားတဲ့ အကောင့်တုတွေကို အွန်လိုင်းပေါ်မှာ မတွေ့ရတော့ဘူးလို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုသိမ်မြို့နယ် အုပ်ရေးချုပ်ရေးအဖွဲ့ဟာ “ကျောင်းသူ ကျောင်းသား များအား နှောက်ယှက်နေသည့် PU Social Punishment Admin အား ရှာဖွေ ဖမ်းဆီးအရေးယူမည်ဖြစ်၍ မိမိ တို့ Page အား Chat Box မှတဆင့် တိုင်ကြားနိုင်သည်” လို့ ဇူလိုင်လ တတိယပတ် အတွင်းက ကြေညာထားခဲ့တာ တွေ့ရပါတယ်။