
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နျူအေဗွန်လီယွန်ပြည်နယ်မှာ မိုးခေါင်ပြီးနောက် သောက်ဆုံးရေးပြတ်လတ်မှု ပြဿနာ ရင်ဆိုင်နေရပါတယ်။
ဒါ့ကြောင့် အာဏာပိုင်တွေက အမျိုးသားလုံခြုံရေးဆိုင်ရာ အခြေအနေတရပ်ကို ကြေညာခဲ့ပါတယ်။
ကြေညာချက်မှာ ဖက်ဒရယ်အစိုးရဟာ အများပြည်သူတွေ သုံးဖို့အတွက် ဦးစားပေးမယ်လို့ ပြောကြားထားပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို ပေးထားတဲ့ ရေပေးဝေမှုကိုတော့ လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။
စီးပွားဖြစ် ဘီယာကုမ္ပဏီတွေဟာ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်အောက်မှာ နှစ်စဉ် ရေဂါလံ ဘီလီယံပေါင်းများစွာကို ထုတ်ယူသုံးစွဲနေတာဖြစ်ပြီး အာဏာပိုင်တွေဟာ ဒေသခံတွေအတွက် ရေရရှိရေးကို ကန့်သတ်ထားတာကြောင့် လူပေါင်း ၅ ဒဿမ ၃ သန်းနေထိုင်တဲ့ Monterrey မြို့တော်မှာ ဒေါသထွက်မှုတွေ ကြီးထွားလာခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ အမျိုးသား ရေပေးဝေမှု အာဏာပိုင်အဖွဲ့ရဲ့အဆိုအရ အဲဒီမြို့မှာ ရေကုဗမီတာ ၃ ဒဿမ ၆ သန်းအတွက် ခွင့်ပြုချက်ရရှိထားတဲ့ Heineken ကုမ္မဏီက သူ့ရဲ့လုပ်ငန်းမှာ အသုံးပြုခွင့်ရမယ့် ရေရဲ့ ၂၀ ရာခိုင်နှုန်းကို ဒေသခံတွေဆီ လွှဲပြောင်းပေးမယ်လို့ အခုလအစောပိုင်းက ပြောထားပါတယ်။
သမ္မတ Andres Manuel Lopez Obrador ကတော့ “ကျွန်တော်တို့နျူအေဗွန်လီယွန်ပြည်နယ်မှာ ရေကို နောက်ထပ် ၈ နှစ်ကနေ ၁၀ နှစ်အထိ အာမခံနိုင်တယ်” လို့ သူ့ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ဇွန်လအတွင်းမှာ အာဏာပိုင်တွေဟာ မြို့တော်အတွင်းမှာ ရေကို မနက်တိုင်း နာရီအနည်းငယ်ပဲ ကန့်သတ်ပေးဝေခဲ့ကြပါတယ်။ ဒါ့ကြောင့် သောက်သုံးရေ ခွဲတမ်းချထားပေးမှုကနေ ကြိုကြားကြိုကြား ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တချို့ဒေသခံတွေဆိုရင် ရက်အတော်ကြာအောင် သောက်သုံးရေ လုံးဝမရရှိဘဲ တခါတလေ ရက်သတ္တပတ်ကြာအောင် ဆန္ဒပြခဲ့ကြရတယ်လို့ ဆိုပါတယ်။