စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တော်လှန်ရေးရန်ပုံငွေအတွက် ဖုန်းကံစမ်းမဲရောင်းတဲ့ လူငယ်တစ်ယောက်နဲ့ဆက်စပ်ပြီး နောက်ဆက်တွဲအနေနဲ့ လူအများအပြားကို ဇူလိုင်လ ၂၈ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေ DNA ကိုပြောပါတယ်။
ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၁၂) ၊ မှာနေထိုင်တဲ့ Chit Min Khant အကောင့်ပိုင်ရှင်လူငယ်ကို ဖမ်းဆီးအပြီးမှာ နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးမူတွေဆက်တိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
“ညောင်ပင်သာရပ်ကွက်၊ ဘုရားသုံးဆူအနားက စျေးလမ်းထဲမှာ ရဲတွေနဲ့စစ်သားတွေ အိမ်တစ်အိမ်ဝင်ဖမ်းကြတော့ ဒီကောင်က ကားထဲမှာ ဆိုင်ကယ်ဦးထုပ်နဲ့ ထိုင်နေတာ။ သူလိုက်ပြတာပေါ့။ အဖမ်းခံရတာက CDM ဆရာမပါ” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ထပ်မံဖမ်းဆီးခံရတဲ့ လူအရေအတွက်ဟာ ၂၀ ဦးခန့်ရှိပြီး အဲ့ဒီအထဲမှာ သက်ဆိုင်ခြင်းမရှိတဲ့ လူအချို့လည်း ပါဝင်ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေး PDF က ရဲဘော်တစ်ဦးက ပြောပါတယ်။
“ခုဟာကများလွန်းတယ်။ အကုန်လိုက်ဖော်နေတော့တာ။ သိပ်မဆိုင်သူတစ်ချို့လည်းပါသွားတယ်။ ကျနော်သိတာကို နှစ်ဆယ်ဝန်းကျင်ရှိနေပြီ” လို့ ကလေး PDF က ရဲဘော်တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်က အခုလို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ဆောင်နေတာကြောင့် Chin Min Khant အကောင့်နဲ့ ဆက်စပ်သူအားလုံး ရှောင်နေကြဖို့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပြီး ဖမ်းဆီးခံရတဲ့သူတွေရဲ့ နာမည်စာရင်းကိုသိရဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။