
နီကာရာဂွါ အရှေ့မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးထဲ ထိုးကျခဲ့တာကြောင့် ဗင်နီဇွဲလားနိုင်ငံသား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဘတ်စ်ကားဟာ ဇူလိုင်လ ၂၇ရက်နေ့ ညနေပိုင်းမှာ နီကာရာဂွါနိုင်ငံ Esteli ပြည်နယ်ရှိ Pan-American အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းလာတာဖြစ်ပြီး အရှိန်လွန်ကာ ကား၂ စီးနဲ့ တိုက်မိပြီး ချောက်ထဲ ပြုတ်ကျသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“နောက်ထပ် ရွှေ့ပြောင်းအခြေချမှုအဖြစ်ဆိုးကို အတည်ပြုရတဲ့အတွက် စိတ်မကောင်းပါဘူး၊ နီကာရာဂွါမှာ မတော်တဆမှုတစ်ခုကြောင့် ဗင်နီဇွဲလားနိုင်ငံသား ၁၅ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ တရားဝင်အတည်ပြုချက်ကို ကျွန်တော်တို့ ရရှိထားပါတယ်၊ အမျိုးသား ၉ ဦး၊ အမျိုးသမီး၅ ဦးနဲ့ ကလေး ၁ ဦး ပါဝင်ပါတယ်” လို့ ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များ အကျပ်အတည်းအတွက် အမေရိကန်ပြည်ထောင်စုအဖွဲ့ (OAS) ရဲ့ အထွေထွေအတွင်းရေးမှူး David Smolansky က ပြောဆိုထားပါတယ်။
အဲဒီဖြစ်ရပ်မှာ နီကာရာဂွါအမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပြီး လူ ၄၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ကုလသမဂ္ဂရဲ့အဆိုအရ ဗင်နီဇွဲလားနိုင်ငံသား အနည်းဆုံး ၆သန်းဟာ ၂၀၁၇ ကစပြီး စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းထဲကို ကျရောက်ခဲ့ပါတယ်။
အဲဒီနောက် သူတို့ဟာ နိုင်ငံတွင်းကနေ ထွက်ခွာသွားခဲ့ကြတာဖြစ်ပြီး တချို့လေ့လာဆန်းစစ်သူတဲ့ သူတွေကတော့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ခုလို ပိုဆိုးလာတာဖြစ်တယ်လို့ ဆိုကြပါတယ်။