သေဒဏ်စီရင်တဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားမှုကို မထီမဲ့မြင်ပြုရာရောက်တယ်လို့  ဂျီ-၇ ထုတ်ပြန်

Photo – Reuters

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က လူလေးဦးကို သေဒဏ်စီရင်ခဲ့တဲ့ လုပ်ရပ်အပေါ် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့မှ ပြင်းထန်စွာ ရှုတ်ချလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နှစ်ပေါင်း၃၀ကျော်အတွင်း ပထမဆုံးဖြစ်တဲ့ အခုလို သေဒဏ်စီရင်တာတွေ ၊ တရားမျှတတဲ့ ကြားနာစစ်ဆေးမှုတွေ ပျက်ကွက်တာတွေက မြန်မာပြည်သူတွေရဲ့ ခိုင်မာနဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို စစ်အာဏာရှင်က မထေမဲ့မြင်ပြုရာရောက်တယ်လို့ ဆိုပါတယ်။ 

ဥပဒေမဲ့ သေဒဏ်စီရင်ခံရသူတွေထဲမှာ  ဒီမိုကရေစီအတိုက်အခံတွေဘက်က ထင်ရှားတဲ့ ကိုဂျင်မီလို့ သိကြတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ဖြစ်ကြပါတယ်။

သူတို့လေးဦးရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဆိုထားပါတယ်။ 

အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ ၊ မတရားထပ်မံကွပ်မျက်မှုတွေ မလုပ်ဖို့ ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုကြောင်း ပြောပါတယ်။ 

ဂျီ-၇ အနေနဲ့ အာဆီယံအဖွဲ့ရဲ့ အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံပြီး စစ်တပ်ကို  အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို ထောင့်ပေါင်းစုံမှ ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ဆောင်ဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။