
ကင်ညာနိုင်ငံအလယ်ပိုင်းမှာ ဘတ်စ်ကားတစ်စီးဟာ တံတားပေါ်ကနေ မြစ်ထဲထိုးကျသွားခဲ့တာကြောင့် လူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဇူလိုင်လ ၂၅ရက်နေ့မှာ ဖော်ပြထားပါတယ်။
မတော်တဆမှုဟာ ဇူလိုင်လ ၂၅ရက်နေ့ ညနေပိုင်းက Tharaka Nithi County ဒေသမှာ ဖြစ်ပွားခဲ့တာပါ။ Modern Coast ကုမ္ပဏီပိုင် ဘတ်စ်ကားဟာ Meru တောင်ကနေ Mombasa ဆိပ်ကမ်းမြို့ကို မောင်းလာခဲ့တာဖြစ်ပြီး တံတားပေါ် ဖြတ်သန်းသွားတဲ့အချိန် အနက် မီတာ ၄၀ရှိတဲ့ မြစ်ချိုင့်ဝှမ်းထဲကို ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။
“အခုချိန်ထိတော့ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၁၈ ယောက်နဲ့ မိန်းကလေး ၂ ယောက် သေဆုံးခဲ့ပါတယ်၊ အားလုံးပေါင်း သေဆုံးသူ ၃၄ ယောက်ပါ၊ ဆေးရုံတင်ထားတဲ့ ၁၁ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်” လို့ ဒေသန္တရ အရာရှိတဦးက ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးချက်အရတော့ ဘတ်စ်ကားရဲ့ ဘရိတ်ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ကင်ညာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကလည်း ဘတ်စ်ကားမတော်တဆမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် Modern Coast ကပိုင်ဆိုင်တဲ့ ဘတ်စ်ကားအားလုံးကို ခရီးစဉ်ပြေးဆွဲတာတွေ ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ကင်ညာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ လမ်းမတော်တဆမှုတွေကြောင့် လူပေါင်း ၄,၅၇၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားစာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေအရ သိရပါတယ်။