တပတ်တာ နွေဦးရုပ်ပုံလွှာ

နွေဦးမှာ သတင်းစကားတွေများသည့် ရက်သတ္တပတ်ဖြစ်သည်။ လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွန်ကာ စစ်မျက်နှာပွင့်သွားသည့် ရခိုင်ဒေသ၊ ဒေါနမြေမှာ ထပ်တိုးလာသည်လော ကွဲပြားသွားခြင်းလော ပြောရခက်သည့် တော်လှန်ရေး တပ်ဖွဲ့အသစ်ပေါ်လာသည့် ကိစ္စတို့လို ဖြစ်ရပ်ကြီးတွေလည်းရှိနေသည်။

ပြောစရာတွေများသည့် သည်သီတင်းပတ် နွေဦးအကြောင်း လက်ဘက်ရည်ဆိုင်ကလေးထဲကနေ စကြရအောင်ပါ။ စစ်ကိုင်း အညာလွင်ပြင်က လက်ဘက်ရည်ဆိုင်လေးတဆိုင် ဤသီတင်းပတ်ထဲ နာမည်ကျော်သွားသည်။

ဆားလင်းကြီးမြို့ ဆိုင်ကလေးဖြစ်၏။ ခမ်းခမ်းနားနား မရှိလှသည့် ဤဆိုင်ကလေးထဲတွင် ကမ္ဘာကျော် အက်ရှင်ကားတွေထဲက တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတခုလို ဖြစ်ရပ်မျိုးရှိခဲ့သည်လေ။ ဆိုင်ထဲက ပစ်မှတ်ဆီသို့ လက်နက်ကိုယ်စီဖြင့် ပြိုင်တူပစ်ခတ်နေကြသူအချို့၊ ပစ်ခတ်ဖြစ်နေစဉ် ဘေးကင်းရာသို့ ပြေးလွှားတိမ်းရှောင်ကြသူအချို့…။

အက်ရှင်ခန်းတခုနှယ်ဖြစ်သော်လည်း ဤသည်မှာ ဆားလင်းကြီးနယ်က တော်လှန်ရေးတပ်ဖွဲ့တို့၏ စွန့်စားခန်းတရပ်ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စကစ လက်ပါးစေ ရဲလေးဦး သေဆုံးသည်။ ၎င်းတို့၏ လက်နက်သုံးလက်ကိုလည်း တော်လှန်ရေး အဖွဲ့တွေဘက်က ရသည်။

အညာလွင်ပြင်အဝှမ်း အစွမ်းကုန်ရက်စက်ကြမ်းကြုတ်ပြနေသည့်တိုင် စကစလက်ပါးစေတို့ ကိုယ်တိုင်သည်လည်း မြို့ပေါ်မှာပင်ဆိုစေ မလုံခြုံတော့ကြောင်း ပြသနေသည့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှုတခုဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် စကစ လက်အောက်ခံတို့ လက်ဘက်ရည်ဆိုင်မထိုင်ရဟုပင် စစ်ခေါင်းဆောင်တို့ ညွှန်ကြားလေဦးမည်လားမသိ…။

လွန်ခဲ့သည့် သီတင်းပတ်က မနောမြေ မိုးကောင်းမြို့နယ်စည်ပင်ရုံးတွင် ကြက်ပေါင်းခေါက်ဆွဲ ပို့သည်ဆိုကာ မိုင်းခွဲခံရပြီးနောက် ရုံးနှင့်ရဲစခန်းများတွင် ပါဆယ်၊ ထမင်းချိုင့်များ မင်္သကာလှျင်လက်မခံဘဲ ဖမ်းဆီးစစ်ဆေးရန် အမိန့်ထုတ်ခဲ့သည် မဟုတ်လား။

မန္တလေးမြို့က သတင်းတပုဒ်ကတော့ အထက်က ဖြစ်စဉ်နှင့်ပြောင်းပြန်ဖြစ်သည်။ စီးနင်းသူတွေက စကစလက်ပါးစေတွေဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ MPR မြို့ပြပြောက်ကျားအဖွဲ့ တည်းခိုနေထိုင်သည့် အိမ်နှစ်လုံး စီးနင်းခံရသည်။

အဆိုးထဲက အကောင်းမှာ ဤစီးနင်းခံမှုအတွင်း ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူ တော်လှန်ရေး တပ်ဖွဲ့ဝင် မရှိခဲ့ခြင်းပင်။ သို့သော် ပြောက်ကျားအဖွဲ့၏ လက်နက်ငယ်အချို့ သိမ်းဆည်းခံလိုက်ရသည်။

မြို့ပြတွင် အသက်နှင့်ရင်း၍ မစ်ရှစ်တွေဖော်ရသည့် မြို့ပြပြောက်ကျားတွေအဖို့ ဤသို့ စိန်ပြေးလိုက်တမ်း ကစားရသော ရင်ခုန်စိတ်လှုပ်ရှားစရာတွေက အချိန်နှင့်အမျှ ရှိနေသည်။ အခက်အခဲတွေကြောင့် မြို့ပြကို ကျောခိုင်းခဲ့သော ယူဂျီတွေရှိသည့်တိုင် မြို့ပြတွေ မြောက်မြန်မာ စာရင်းဝင်သွားမှာ စိုးရိမ်နေကြသူတွေလည်း ရှိဆဲဖြစ်သည်။ ထို့ကြောင့် မြို့ပြတွေသည်လည်း မည်သူ့အတွက်မျှ လွတ်မြောက်နယ်မြေ ဖြစ်မလာသေးပေ။

တိုက်ပွဲသတင်းတွေကိုတော့ ထုံးစံအတိုင်း အညာလွင်ပြင်က ဦးဆောင်နေဆဲဖြစ်သည်။ မြောင် ၊မြိုင်၊ မုံရွာ၊ မြင်းမူ၊ ရေစကြိုတို့မှာ တိုက်ပွဲတွေဖြစ်သည်။ အချို့မှာ စကစယာဉ်တန်းများကို တိုက်ခိုက်ခြင်းဖြစ်ပြီး အချို့ ကတော့ စစ်တပ်တပ်စွဲရာနေရာကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ဤသို့ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်လာသော အညာလွင်ပြင်ကို စကစဘက်ကလည်း မျက်မုန်းကျိုးလှပြီဖြစ်သည်။ လက်နက်ကိုင်တော်လှန်သူ၊ အရပ်သား ခွဲခြားရွေးချယ်မှုမရှိဘဲ ထင်သလို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လေကြောင်း၊ လက်နက်ကြီးနှင့် တိုက်ခိုက်တာတွေ လျော့မသွားသည့်အပြင် ပို၍ပင် တိုးလာ၏။

ဤသို့လုပ်ဆောင်မှုများကိုပင် အကြမ်းဖက် စစ်ကောင်စီသည် နေဝင်ချိန်နီးလာသည်နှင့်အမျှ ပို၍ ရက်စက်ကြမ်းကြုတ်လာနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။အားလုံး စုစည်းတော်လှန်မည့် မဟာဗျူဟာ အကောင်အထည်ဖော်နေသည်ဟုလည်း ဆိုသည်။

အားလုံးစုစည်းတော်လှန်မည်ဆိုသည့် သူ၏ ဆိုလိုရင်းထဲ ရခိုင်ဒေသပါမပါ မသေချာသော်လည်း မြန်မာ့အနောက်တံခါးတွင်လည်း စစ်မျက်နှာကတော့ ပွင့်သွားပြီဖြစ်သည်။ ရခိုင်တွင် ရခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်တပ် ကိုယ့်လူသူဖမ်း၊ သူ့လူကိုယ်ဖမ်းနှင့် စစ်ရေးတင်းမာနေကြတာက ကြာပြီ။

တကျော့ပြန် ရခိုင်စစ်ပွဲဘယ်တော့လဲဟု တွေးဆနေရဆဲမှာပင် ရခိုင့်တပ်တော်က စတင်ကာ စစ်မျက်နှာဖွင့်လိုက်သည်။ စကစတို့ အဖို့ကတော့ ထီကနဲဆိုသည်နှင့် အခံဘက်ကချည်းသာဖြစ်၏။ ရခိုင်တွင် ကြိုတင်နေရာချ အင်အားပြထားသော ရေငုတ်သင်္ဘောတွေ၊လက်နက်ကြီးတွေက မောင်တောက နယ်ခြားစောင့် ကိုလှရွှေတို့ကို မကာကွယ်နိုင်ခဲ့။

ရခိုင်မြောက်ပိုင်း မောင်တောတွင် ရခိုင့်တပ်တော်က AA က စကစ နယ်ခြားစောင့်တပ်ဖွဲ့ယာဉ်ကို ကြားဖြတ်တိုက်သည်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀ ခန့်သေပြီး ၁၄ ဦး AA က ဖမ်းမိသည်။ လက်နက်ချအညံ့ခံသောကြောင့် ဖြစ်သည်။ ဖမ်းမိသူတွေထဲ ဒုရဲမှူးတဦးလည်းပါသည်။ လက်နက် ၂၆ လက်နှင့် ခဲယမ်းများကိုလည်း AA ဘက်က ရသည်။

ကရင်ဒေသရှိ AA တပ်စခန်းအား ဗုံးကြဲတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့် စစ်ဆင်ရေးဟု AA က ဆိုသည်။ ဤတိုက်ပွဲပြီးနောက် မောင်တောဒေသခံအချို့ကို စကစ က ဖမ်းဆီးမှုများရှိသော်လည်း ရခိုင်ဒေသအတွင်း စစ်မီးကူးလာသည့် အခြေအနေတော့ မတွေ့ရသေးပေ။

သေချာသည်ကတော့ နှစ်ဘက်က တပ်တွင်းတွေမှာ အပြန်အလှန်တပ်လှန့်ထားကြမည်သာ..။ ယခင်စစ်ဘေးဒဏ်ကပင် မလွတ်မြောက်နိုင်သေးသော ရခိုင်လူထုအဖို့ကတော့ မျက်ခုံးတလှုပ်လှုပ်နှင့် တကျော့ပြန် စစ်ဘေးဒဏ် ခံရဦးမည်လား တွေးဆပြင်ဆင်နေကြရဖို့ရှိသည်။နွေဦးစစ်ရေးမြင်ကွင်းကျယ်ထဲ ရခိုင်ပါဝင်လာမည်လား ဆက်လက်စောင့်ကြည့်ကြပါဦးမည်။

တိုက်ပွဲတွေကြောင့် စောင့်ကြည့် နားစွင့်နေရသည့် ဒေါနမြေဆီမှာတော့ အဖြေညှိစရာ ပဟေဠိတပုဒ် ဤသီတင်းပတ်ထဲ ထွက်ပေါ်လာသည်။ကရင့်တော်လှန်ရေး ဦးဆောင် KNU တပ်ဖွဲ့အပြင် အင်အား သောင်းချီသော PDF တွေလည်း ရှိနေသည့် ဒေါနမြေတွင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့အသစ်တခု ထပ်မံပေါ်ပေါက်လာသည်။

ကော်သူးလေ တပ်မတော်ဟု အမည်ပေးထားသော ဤအဖွဲ့အသစ်ကို ဦးဆောင်တည်ထောင်သူက စောနယ်ဒါးမြဖြစ်သည်။ သူက KNU လက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်းဖြစ်သည်။၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း လမ်းလုပ်သားအသွင်ယူထားသည့် စကစ ၂၀ ကျော်ကို ကွပ်မျက်ခဲ့သူဖြစ်သည်။

ဤဖြစ်စဉ်မှာ အငြင်းပွားမှုတွေရှိခဲ့သည်။ ကွပ်မျက်ခံရသူများသည် အရပ်သားလမ်းလုပ်သားများသာဖြစ်ကြောင်း စကစက ဆိုထားသည်။ဤဖြစ်ရပ်တွင် အဓိက တာဝန်ရှိခဲ့သူ ဒေနယ်ဒါးမြကမူ အသွင်ယူထားသည့် စကစ လက်ပါးစေသာများသာဖြစ်ကြောင်း လက်ရှိအချိန်အထိ အခိုင်အမာ ဆိုဆဲဖြစ်သည်။

ဤဖြစ်ရပ်နှင့် ဆက်နွယ်၍ KNU က စောနယ်ဒါးမြကို KNDO စစ်ဦးစီးချုပ်အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။ ယခုတော့ စောနယ်ဒါးမြက တပ်ဖွဲ့အသစ်တခုကို ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းလိုက်ခြင်းကြောင့် ဒေါနမြေက တော်လှန်ရေး အင်အားစုတွေအချင်းချင်းကြား ဝိဝါဒကွဲပြားလာလေမည်လား စိုးရိမ်စရာဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော KNU သည် ယင်းစာချုပ်ကို လက်ကိုင်ပြုနေခြင်းကြောင့် စစ်ကောင်စီ ဖြုတ်ချရေး တိုက်ပွဲဝင်ရာတွင် အကန့်အသတ်များဖြစ်စေကြောင်း စောနယ်ဒါးမြက ဝေဖန်သည်။ KNU ဘက်ကလည်း ထိုသို့ဝေဖန်မှုကို လက်မခံပေ။

NCA ကို လက်ကိုင်ထားနေပါက အာဏာသိမ်းကာလအတွင်း ဒေါနမြေတွင် တိုက်ပွဲများဖြစ်လာစရာ မရှိကြောင်းတုံ့ပြန်သည်။စောနယ်ဒါးမြကို တစင်ထောင်သူဟုလည်း တန်ပြန်ဝေဖန်ပြီး တပ်ဖွဲ့အသစ်ထူထောင်မှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်သည်။

ဤဖြစ်စဉ်သည် တော်လှန်ရေး အင်အားစုတွေကြား အဖွဲ့အစည်းတရပ်အနေဖြင့် စိတ်ဝမ်းကွဲချင်းမျှသာဖြစ်ပြီး စစ်အာဏာရှင်ဖြတ်ချရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နိုင်သည့် အခြေအနေဆိုပါက တော်သေးသည်ဟု ဆိုရမည့် အခြေအနေဖြစ်သည်။

ထိုသို့မဟုတ်ဘဲ တော်လှန်ရေး တပ်ဖွဲ့တွေကြား စိတ်ဝမ်းကွဲရာမှတဆင့် တိုက်ခိုက်မှုတွေအထိ ဖြစ်လာလျှင်တော့ စကစ တို့အကြိုက်တွေ့မည့် အခြေပင်။

လတ်တလောမှာတော့ အသစ်စက်စက် ကော်သူးလေတပ်မတော်နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့တခုတို့၏ ပူးပေါင်းစစ်ကြောင်းကို ထားဝယ်ခရိုင်ရှိ KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတခုက ခြုံခိုတိုက်ခိုက်သည်ဆိုသော သတင်းမျိုးက စတင်ထွက်ပေါ်လာသည်။

ဒေါနသားတို့ အခက် စကစ တို့အချက် ဖြစ်လာလေမည်လား စောင့်မျှော်နားစွင့်ကြဖို့သာရှိသည်။

အတိုက်အခိုက်အပစ်အခတ် စစ်ရေးသတင်းတွေကို ဤမျှနှင့်ရပ်၍ သန်းနှင့်ချီသော ပြည်သူတွေနှင့် သက်ဆိုင်သည့် သတင်းတပုဒ်ဖြင့် ဤသီတင်းပတ်ကို နှုတ်ဆက်ရအောင်ပါ။ မစားရဝခမန်း စကားလုံးတွေကြား စစ်ခေါင်းဆောင်သည် သူ၏အတ္တအတွက် နိုင်ငံကို မည်မျှအထိဆွဲချနေကြောင်း မြင်သာသည့် သတင်းလည်း ဖြစ်သည်။

အာဏာသိမ်းခံရပြီးနောက် တနှစ်ခွဲအကြာ မြန်မာတွင် လူဦးရေ သန်း ၂၀ နီးပါး ဆင်းရဲနွမ်းပါးသူဘဝ ရာက်သွားကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်ကို အခြေခံ၍ မြန်မာနောင်းသတင်းဌာနက တွက်ချက်ပြသည်။ စံနှုန်းတွေအရ တနေ့ဝင်ငွေကျပ် ၂၀၀၀ ပင်မပြည့်သူကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်သည်။

မြန်မာ့လူဦးရေ သန်း ၅၀ တွင် ၄၀ ရာခိုင်နှုန်း (သန်း ၂၀ နီးပါး) အာဏာသိမ်းကာလတွင် ဆင်းရဲနွမ်းပါးသူတွေ ဖြစ်လာကြောင်း အထက်ပါစံနှုန်းဖြင့်တိုင်းတာ တွက်ချက်မှုတွေကဆိုသည်။ မင်းအောင်လှိုင်သည် မြန်မာပြည်သူတွေကို လွန်ခဲ့သည့် ဆယ်စုနှစ်များဆီသို့ နောက်ကြောင်းပြန်ခေါ်ယူဆွဲချနေ၏။

စစ်ဘေးအကြီးအကျယ်ရင်ဆိုင်နေရသော အညာလွင်ပြင်ကိုမဆိုထားနှင့် ရန်ကုန်၊ မန္တလေးလို မြို့ပြ ဒေသတွေမှာပင် တနေ့ကျပ်နှစ်ထောင်ရဖို့ဝေးစွ အလုပ်ပင် မရှိသူတွေ တစစ ပို၍တိုးလာနေသည်။ အေးစက်သ ည့် အဲကွန်း ဘတ်စ်ကားများအစား လေတဖြူးဖြူးနှင့်ကားတွယ်စီးရသော မြင်ကွင်းတွေ မြို့ပြမှာ ပြန်လည်လွှမ်းမိုးလာသည်။

“ကျွန်တော် အကုန်လုပ်ရဲတယ်”ဟု ဆိုခဲ့သူကြီးနှင့် အပေါင်းအပါးတစုကတော့ ၎င်းတို့၏ နိုင်ငံရေး မကျေနပ်ချက်၊လိုအင်ဆန္ဒတွေအတွက် သန်းနှင့်ချီသော ပြည်သူတွေကို ငဲ့ကွက်ခြင်းအလျဉ်းမရှိ ချနင်းနေပြီ ဖြစ်သည်။