တရုတ်ကျောက်မီးသွေးတွင်းတခုမှာ တောင်ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံး

Photo – Reuters

တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်းမှာ တောင်ပြိုကျတာကြောင့်  လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က ဖော်ပြလိုက်ပါတယ်။

မတော်တဆမှုဟာ ဇူလိုင်လ ၂၃ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၅ မိနစ်က အနောက်မြောက်ပိုင်း Gansu ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဝန်ထမ်းတွေဟာ Baiyin မြို့ရှိ သတ္တုတူးဖော်တဲ့ နေရာတစ်ဝိုက်မှာ သွားလာနေကြတာဖြစ်ပြီး တောင်စောင်းပြိုကျတဲ့အခါ အဲဒီဝန်ထမ်းတွေရော ယာဉ်တွေပါ နစ်မြုပ်သွားခဲ့တာပါ။ စုစုပေါင်း ၁၇ ဦး ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

 ဇူလိုင်လ ၂၃ရက်နေ့ ညနေပိုင်းမှာ ရရှိတဲ့ နောက်ဆုံး အစီရင်ခံစာအရ လူ ၁၀ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုထားပြီး မတော်တဆ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ CCTV က ပြောဆိုပါတယ်။

သတ္တုတူးဖော်တဲ့နေရာနဲ့ပတ်သက်ပြီး Baiyin မြို့ဟာ တောင်တန်းနဲ့ သဲကန္တာရတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အရင်က ၁၉၅၀ ခုနှစ်မှာ အမျိုးသားကြေးနီတူးဖော်ရေးအခြေစိုက်စခန်းအဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သတ္တုတွင်းမတော်တဆမှုတွေဟာ တရုတ်နိုင်ငံမှာ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ အဲဒီနေရာမှာရှိတဲ့ စက်မှုလုပ်ငန်းတွေဟာ လုပ်ငန်းခွင်ဘေးကင်းရေးဆိုင်ရာမှတ်တမ်းဆိုးတွေ ရှိနေပြီး စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာမှု အားနည်းတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နိုင်ငံအနောက်မြောက်ပိုင်း Qinghai ပြည်နယ်က ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျခဲ့ပြီး မိုင်းလုပ်သား ၁၉ ဦး သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းအတွက် ကျောက်မီးသွေးကို မှီခိုနေရတာဖြစ်ပြီး အခုနှစ်အတွင်း တန်ချိန် သန်း ၃၀၀ မြှင့်တင်ဖို့  ပြည်တွင်းမိုင်းလုပ်သားတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။