ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်က ဥယျာဥ်ကျေးရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ဘက် ဥယျာဥ်ကျေးရွာကို ဇူလိုင် ၂၄ ရက်က အကြမ်းဖက်စစ်တပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“မနေ့က ညကလည်း ရှို့တယ်။ ခုမနက်လည်းရှို့နေတာ။ ဘယ်နှစ်အိမ်လောင်ပြီလဲတော့မသိဘူး” လို့ ဆိုပါတယ်။
ဥယျာဥ်ကျေးရွာကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကင်မွန်းချုံရွာကနေ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ထွက်ခွာသွားတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးဝင်ပြီးပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ မြစ်အရှေ့ဘက် ဥယျာဥ်ရွာမှာ ရှိနေသေးတာကြောင့် ကန်မွန်းချုံ၊ အူဒူ ကျေးရွာက ပြည်သူတွေဟာ ရွာတွေကို မပြန်သေးပဲ ဆက်လက်စစ်ဘေးရှောင်နေကြရစဲ ဖြစ်ပါတယ်။
အဲ့ဒီ စစ်ကြောင်းဟာ ကင်မွန်းချုံရွာက နေအိမ်တွေကိုလည်းမီးရှို့ ခဲ့ပါသေးတယ်။
“ကလေးတွေက နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်ကြောင်းနောက်ကိုလိုက်သေးတယ်။ မမီလိုက်တာ။ ပန်းချောင်းကျော်သွားတော့ မလိုက်ကြတော့ဘူး။ ခုအူဒူရွာကိုလည်း နယ်မြေရှင်းလင်းရေးလုပ်ပြီးပြီ။ အထိအခိုက်မရှိပါဘူး” လို့ ကာကွယ်ရေးတပ်တွေကို ကူညီပေးနေတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
ဇူလိူင်လ ၂၂ ရက်နေ့ ကင်မွန်းချုံရွာကို နယ်မြေရှင်းလင်းရေးလုပ်စဥ်မှာတော့ PDF ရဲဘော်တစ်ဦး မိုင်းထိပြီးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။