အိန္ဒိယနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းထဲကနေ ပထမဆုံး သမ္မတ ရွေးချယ်

Photo – Reuters

အိန္ဒိယလွှတ်တော်အမတ်တွေဟာ နိုင်ငံအတွင်းနေထိုင်တဲ့  တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းထဲကနေ ပထမဆုံး သမ္မတကို   ဇူလိုင်လ ၂၁ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ အာဏာရပါတီ BJPက သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်သူဟာ အသက် ၆၄ နှစ်အရွယ်ရှိ Droupadi Murmu ဖြစ်ပြီး သူဟာ နိုင်ငံရေးလောကထဲကို မဝင်ရောက်လာခင် ဆရာမလုပ်ခဲ့တယ်လို့ သိရပါတယ်၊

ရွေးကောက်ခံ သမ္မတလောင်း Murmu ဟာ ဇူလိုင် ၂၅ ရက်နေ့မှာ သမ္မတရာထူးတာဝန်ကို စတင်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ဒုတိယမြောက် အမျိုးသမီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၈ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်အမတ် ၄၅၀၀ ကျော်က မဲပေးခဲ့ကြပြီး ဇူလိုင်လ ၂၁ရက်နေ့မှာ မဲတွေကို ရေတွက်ခဲ့ကြပါတယ်။

 ပြည်ထောင်စုနဲ့ ပြည်နယ်ကို လွှမ်းမိုးထားတဲ့ မိုဒီရဲ့  Bharatiya Janata Party (BJP) က ကျောထောက်နောက်ခံပြုထားတာကြောင့် Murmu ရဲ့ အောင်ပွဲဟာ အခိုင်အမာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

“အိန္ဒိယအရှေ့ပိုင်း ဝေးလံခေါင်သီတဲ့ ဒေသမှာ မွေးဖွားခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စု အသိုင်းအဝိုင်းက ချီးမြှောက်တဲ့ အိန္ဒိယရဲ့ သမီးတယောက်ကို ငါတို့ရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ပါပြီ” လို့  မိုဒီက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်. 

Murmu ဟာ အိန္ဒိယနိုင်ငံ Odisha ပြည်နယ် Santhal မျိုးနွယ်စုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ကျောင်းဆရာမတစ်ဦးအနေနဲ့ စတင်ခဲ့ပြီး ရပ်ရွာအရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သူမဟာ နိုင်ငံရေးမှာ ပါဝင်လာခဲ့ပြီး Odisha ပြည်နယ်ရဲ့ BJP လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့ပိုင်း Jharkhand ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။

Murmu ဟာ အတိုက်အခံ ကိုယ်စားလှယ်လောင်း Yashwant Sinha ကို မဲအရေအတွက် နှစ်ဆနီးပါးအသာနဲ့ အနိုင်ရရှိတာဖြစ်ပါတယ်။