အရှေ့တောင်ပိုင်းဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ OCHA ထုတ်ပြန်​

Photo- ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ရေး FB Page
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေး ရုံး (OCHA) မြန်မာက ဒီကနေ့ ဇူလိုင်လ ၂၀ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာအခြေအနေတွေ ဆက်လက်ဆိုးရွားနေပြီး အရပ်သားသေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာမှုတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။ ဇူလိုင်လအစောပိုင်းကစတင်ပြီး ခန့်မှန်းခြေ အရပ်သားပြည်သူ ၁၈,၃၇၀ ဦးဟာ နေအိမ်တွေကို စွန့်ခွာပြီး ပိုမိုဘေးကင်းတဲ့နေရာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ထုတ်ပြန်​ချက်မှာဖော်ပြထားပါတယ်။
ပြောင်းရွှေ့နေထိုင်ရမှုတွေမှာ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ကျောက်ကြီးမြို့နယ်မှာ ကျေးရွာ ၁၈ ရွာက အနည်းဆုံးလူဦးရေ ၁၂,၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရဲ့ကျေးရွာ ၇ရွာမှာ ၁,၀၀၀ ဦး၊ မွန်ပြည်နယ်၊သထုံမြို့နယ်မှာ ၁,၅၀၀ဦး၊ ကရင်ပြည်နယ် ဖားအံမြို့နယ်မှာ ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၇၀ ဦးနဲ့ မိုးကောင်းမြို့နယ်မှာ ၃,၀၀၀ ဦးခန့် ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မြေပြင်အခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ အရေအတွက်ဟာ ၁၈,၃၇၀ ဦးထက် ပိုများနိုင်ပြီး လုံခြုံရေးအခြေအနေတွေနဲ့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိစစ်အတည်ပြု နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၈၃,၄၀၀ ဦးနဲ့ အဲ့ဒီမတိုင်မီ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၄၆,၆၀၀ ဦး အပါအဝင် ဇူလိုင် ၁၁ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ ၁,၁၃၀,၀၀၀ခန့် ရှိလာပြီး ဖြစ်တယ်လို့ OCHA မြန်မာ က ဖော်ပြထားပါတယ်။