အမေရိကန်မှာ ဒေါ်လာသန်းချီတန်တဲ့ ရတနာတွေ သယ်ဆောင်လာတဲ့ယာဉ် လုယက်ခံရ

Photo – Google

ပြီးခဲ့တဲ့သီတင်းပတ်က လော့စ်အိန်ဂျလိစ်မြောက်ပိုင်းကို သယ်ဆောင်လာတဲ့ ကျည်ကာယာဉ်တစီးပေါ်ကနေ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လက်ဝတ်ရတနာတွေနဲ့ ကျောက်မျက်ရတနာတွေ လုယက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၈ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီရတနာတွေဟာ ကယ်လီဖိုးနီးယားမှာကျင်းပတဲ့ လက်လီအရောင်းပြပွဲတစ်ခုက ပြသသူတွေ ပိုင်ဆိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ မနက်အစောပိုင်းက ရတနာတွေသယ်လာတဲ့ Brink’s လုံခြုံရေးကုမ္ပဏီထရပ်ကားဟာ Frazier Park ဒေသ သိုလှောင်ရုံသွားတဲ့လမ်းမှာ လုယက်ခဲ့ရတာလို့ နိုင်ငံတကာ ကျောက်မျက်နဲ့ လက်ဝတ် ရတနာပြပွဲ ဒါရိုက်တာ Brandy Swanson က ပြောဆိုပါတယ်။

လုယက်ခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာ ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် ဆန်မာတီယို‌မြို့မှာ ကျင်းပတဲ့ ပြပွဲတစ်ခုမှာ တစ်ဦးချင်းပြသသူ ၁၈ ဦးရဲ့ လက်ဝတ်ရတနာနဲ့ ကျောက်မျက်အိတ်ပေါင်း ၂၅ သေတ္တာကနေ ၃၀ သေတ္တာ ပါဝင်ခဲ့ပါတယ်။ 

ပျောက်ဆုံးနေတဲ့ ရတနာတန်ဖိုးဟာ ဒေါ်လာ ၁၀ သန်းအောက် တန်ဖိုးရှိတယ်လို့ Brink’s ကုမ္ပဏီက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် Swanson ကတော့ ဒေါ်လာ သန်း ၁၀၀ နီးပါးရှိတယ်လို့ ဆိုထားပါတယ်။

မှတ်ချက်ပေးဖို့ လုံခြုံရေးကုမ္ပဏီ Brink’s ကို ဆက်သွယ်ပေမယ့် ချက်ချင်း ဆက်သွယ်လို့ မရဘူးလို့ ဆိုပါတယ်။ ကုန်တင်ကားကို ဘယ်လို လုယက်သွားတယ်ဆိုတာ မသိရသေးပေမယ့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ FBI တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။