ပုလောမှာ လက်နက်ကြီးထိလို့ လူငယ်တစ်ဦးသေဆုံး

Photo – Google
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာမှာ ဇူလိုင်လ ၁၉ ရက်နေ့က အကြမ်းဖက်စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိပြီး လူငယ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၂ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပိန္နဲတောင်ကျေးရွာရှိ နေအိမ်တစ်ခုအပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်ထဲမှာရှိတဲ့ ဇင်ဝိုင်းဆိုသူကျေးရွာသားတစ်ဦး သေဆုံးသွားတာဖြစ်ပါတယ်။
“ညကတည်းက လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်နေတာ။ မနက်အစောပိုင်းမှာ ရွာထဲကို လက်နက်ကြီးတွေကျတယ်။ အဲဒီမှာ အခြားရွာကနေ လာပြောင်းနေတဲ့ လူငယ်တစ်ဦး ထိခိုက်ပြီးသေဆုံးသွားတယ်။ လာနေတာလဲ မကြာသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း မှော်မိကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့ည ၉ နာရီလောက်က စတင်ပြီး ပုလောမြို့နယ်အရှေ့ဖျားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်ထိ အကြမ်းဖက်စစ်တပ်က ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင်အပါအဝင် ကျေးရွာ ၇ ရွာခန့်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။