ဝန်ကြီးကျေးရွာတိုက်ပွဲ အကြမ်းဖက်စစ်တပ်က ၁၉ ယောက်သေ၊ ၃၀ကျော် ဒဏ်ရာရ

Photo – Google
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ pdf ပူးပေါင်းအဖွဲ့တို့ အပြန်အလှန်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၁၉ ဦးသေဆုံးပြီး ၃၀ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ပန်းတောင်းကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု၊ ပိုင်းကျေးရွာ၊ ဝန်ကြီးကျေးရွာ၊ ရှားလှကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ဇူလိုင် ၁၃ ရက်က စစ်ကြောင်းထိုးလာချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ pdf ပူးပေါင်းအဖွဲ့တွေက ဝန်ကြီးကျေးရွာနေရာ ၅ နေရာမှာ နင်းမိုင်း၊ ဆွဲမိုင်း မိုင်းအကြီးစုစုပေါင်း ၁၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦး သေဆုံးပြီး ၃၀ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကျောက်ပန်းတောင်းကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်မှု့တော့မရှိပါဘူး။ စကစစစ်ကြောင်းအခြေနေက အတိကျတော့ မသိရသေးဘူး။ စစ်ကြောင်းတွေကခွဲပြီး ရွာတွေကို ဝင်မွေတယ် ရွာသူရွှာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာအလွတ်ကြီးတွေမှာ ကျန်ခဲ့တဲ့ ဝက်တို့ ကြက်တို့ သတ်စားတယ်။ စားစရာရှိတာ ချက်စား ယူစရာရှိတာယူ ရွာသူရွာသားတွေ့ရင် ဖမ်းစီး တစ်ချို့လည်း သတ် ။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ” လို့ ထိတွေ့တိုက်ပွဲအပြီး အခြေအနေကို ကျောက်ပန်းတောင်းကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရှားလှကျေးရွာနဲ့ ဝန်ကြီး‌ကျေးရွာရဲ့ အနောက်ဘက်က စစ်ရှောင် ပြည်သူတွေရဲ့ တဲတွေနဲ့ပစ္စည်းတွေကို မီးရှို့ခဲ့တာကြောင့် ပြည်သူ့အိုးအိမ်ပစ္စည်း အဆုံးအရှုံးများခဲ့တယ်လို့ ဆိုပါတယ်။