မောင်တောတိုက်ပွဲ အကြမ်းဖက်စစ်သား ၁၄ ဦးဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ မနေ့က (ဇူလိုင် ၁၈) ရက္ခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နခခ ၇ ကြိမ်ချောင်းစစ်ဗျူဟာနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စကစဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သလို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တခု ဖြစ်တဲ့ Border News Agency က ရေးသားဖေါ်ပြထားပါတယ်။
အဲဒီသတင်းအရ “ နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းထားတဲ့ အဖွဲ့နဲ့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်စဉ် အထဲမှာ ရန်သူ့ဘက်ကတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများကြီးရှိတယ် ။ လက်နက်ချအညံ့ခံပြီးတော့ ဖမ်းဆီးခံရသူက ရဲမှူးတယောက်အပါအဝင် စုစုပေါင်း ၁၄ ယောက်ရှိတယ်လို့” AAရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခရဲ့ စကားကို ကိုးကားပြီး ဖေါ်ပြထားတာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ စာရင်းမှာ လက်နက်ငယ် ၂၇ လက်၊ ပစ္စတို ၂၊ အပြင် စစ်အသုံးအဆောင် ပစ္စည်းတွေ ကျည်ဆန်တွေပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
ထိတွေ့တိုက်ပွဲတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်း၊ သောင်ပိုင်ညာကျေးရွာနဲ့ စံပ္ပါယ်ပင်ရင်းကျေးရွာအကြားမှာ တကြိမ် ၊ ဒုံးကုလားကျေးရွာ နဲ့ ဝက်ကျိန်းကျေးရွာအကြားမှာတကြိမ် တရက်တည်း နှစ်နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“မင်္ဂလာညွန့် နယ်ခြားစောင့်စခန်းတောင်ပေါ်ကတော့ လက်နက်ကြီး ပစ်ကူပေးခဲ့ပါတယ်။ ရွာသားတွေကတော့ ကြောက်လို့ စာသင်ကျောင်းမှာ စုနေခဲ့ကြတယ်”လို့ မြဝတီကျေးရွာသားတဦးက ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်ကနေ တောင်ပြိုလက်ယာ၊ ကြိမ်ချောင်း၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ တရိန်းရဲကင်းစခန်း စတဲ့နေရာတွေကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားရာ သောင်ပိုင်ညာကျေးရွာနဲ့ စံပ္ပါယ်ပင်ရင်းကျေးရွာတွေဟာ ကြိမ်ချောင်း-တောင်ပြိုကားလမ်းမအနီးမှာရှိပြီး ဒုံးကလားကျေးရွာနဲ့ ဝက်ကျိန်းကျေးရွာတွေကတော့ ကြိမ်ချောင်း-ဗန္ဓုလကားလမ်းဘေးမှာ ရှိတယ်လို့ သိရပါတယ်။