စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူမှုတရားမျှတရေးတိုက်ပွဲတွေမှာ ပါဝင်ကျဆုံးခဲ့သူတွေအားလုံးကို ရဲဝံ့စွာ အသက်ပေးခဲ့သူ အာဇာနည်တွေအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ “အာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်” အတွင်း အာဇာနည်နေ့ဟာ လူမျိူးပေါင်းစုံ ကြိုးပမ်းတိုက်ပွဲ၀င်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ ခေါင်းဆောင်တွေအနက် ခေါင်းဆောင် ၉ ဦးလုပ်ကြံခံခဲ့ရပါတယ်။
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ ခေါင်းဆောင်တွေ ခုလိုမတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုကို များစွာ၀မ်းနည်းကြေကွဲရသလို နိုင်ငံအတွင်း တွေ့ကြုံခဲ့ရတဲ့ အာဏာရယူလိုမှု ၊နိုင်ငံရေးမကျေနပ်မှုကြောင့် လုပ်ကြံသတ်ဖြတ်မှုတိုင်းကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီမှ ရှုတ်ချဆန့်ကျင်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
ခေတ်အဆက်ဆက် စစ်အုပ်စုရဲ့ကျောင်းသုံးစာအုပ်၊ သတင်း စာစောင်တွေနဲ့ ရုပ်သံလှိုင်းတွေက နိုင်ငံအတွင်း နိုင်ငံ အာဇာနည်တွေဟာ (ဗမာခေါင်းဆောင်အများစုနဲ့ ပြည်မနိုင်ငံရေးသမားများပါဝင်သော) ပုဂ္ဂိုလ် ၉ ဦးတည်းရှိတယ်လို ထင်မှတ်ဖို့ ဝါဒဖြန့်ခဲ့တာလို့ ထည့်သွင်းဖော်ပြထားပါတယ်။
နိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေး တိုက်ပွဲတွေမှာပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေတာကို အသိပေးလိုပါတယ်။
ကျဆုံးခဲ့သူတိုင်းကို ရဲဝံ့စွာအသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
အဲဒီလိုသတ်မှတ်မှသာ အာဇာနည်အဖြစ်အသိအမှတ်ပြုထိုက်တဲ့လူမျိူးစုအသီးသီးမှ ကျောင်းသား၊ ရဟန်း၊ ပြည်သူတွေအတွက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှု ရရှိမှာဖြစ်ပြီး လူမျိုးကြီးဝါဒကိုလည်း ဆန့်ကျင်ရာ ရောက်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။