တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး 

Photo – AP

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ ရုတ်တရက် ရေကြီးလာတာကြောင့် အနည်းဆုံး လူ ၁၂ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထောင်နှင့်ချီတဲ့ ဘေးလွတ်ရာရွေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၁၇ရက်နေ့က ဖော်ပြထားပါတယ်။

အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးရေလျှံခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်သတင်း CGTN က ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၆ရက်နေ့အထိ လူပေါင်း ၁၃၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီအတောအတွင်း အနောက်မြောက်ပိုင်း Gansu ပြည်နယ်မှာလည်း နောက်ထပ်သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး လူပေါင်း ၃,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

Zhejiang အရှေ့ပိုင်းနဲ့ ရှန်ဟိုင်းမြို့ အပါအဝင် တချို့ဒေသတွေမှာ အပူချိန်ဟာ အရင်သီတင်းပတ်က ၄၂ ဆဲလ်စီးယပ်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

“ရာသီဥတုဖောက်ပြန်မှုကြောင့် ခုလိုပြင်းထန်တဲ့ရာသီဥတု ဖြစ်ရပ်တွေ ပိုများလာတာပါ၊ ပူနွေးတဲ့လေက ရေကိုပိုမိုသိုလှောင်နိုင်ပြီး သူ့ကိုထုတ်လွှတ်လိုက်တဲ့အခါမှာ ပိုကြီးတဲ့တိမ်တိုက်တွေ ဖြစ်ပေါ်စေတယ်” လို့ ကျွမ်းကျင်သူတွေက ‌ပြောထားပါတယ်။

တရုတ်နိုင်ငံဟာ အခုနှစ်နွေရာသီမှာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ကြုံတွေ့နေရတဲ့ တခုတည်းသော နိုင်ငံမဟုတ်ပါဘူး။  ဂျာမနီနိုင်ငံမှာလည်း မိုးခေါင်မှုဒဏ် ခံစားနေရပြီး လာမယ့်နေ့တွေမှာလည်း အပူလှိုင်းကြောင့် အမေရိကန်တောင်ပိုင်းမှာ နေ့အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်အထိ ကျော်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။