ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသွေးအစားထိုးအသုံးပြုနေရတဲ့ အိမ်သုံးဂက်စ်တွေ ပြတ်လပ်မှုကြောင့် စားသောက်ဆိုင်အချို့နဲ့ ဂက်စ်မီးဖို အသုံးပြုသူတွေအနေနဲ့အခက်တွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“အခု ၃၊ ၄ ရက်လောက်ရှိပြီ ဂက်စ်တွေမရတာ၊ စက်ရုံတွေကကို မရတာဖြစ်နေတော့ ကျွန်တော်တို့ဆီမှာလည်း မရှိတော့သလောက်ဖြစ်နေပြီ။ နောက်ပိုင်းရက်တွေမှာ ရ၊ မရတောင်မသိဘူး။ အခုတောင်ရှိတာပဲ ရောင်းနေတာ။” လို့ အိမ်သုံးဂက်စ်နဲ့ ဂက်စ်မီးဖိုအမျိုးမျိုးရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အိမ်သုံးဂက်စ်တွေ ပြတ်လပ်မှုရှိလာနေတာကြောင့် အရင်က ဂက်စ်တစ်ပိဿာကို ၄၀၀၀ ကျပ်သာရှိခဲ့ပေမယ့် လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၆၀၀၀ အထိစျေးနှုန်းမြင့်တက်လာတာကြောင့်စားသောက်ဆိုင်အချို့မှာ မီးသွေးကိုတစ်ခါတရံအစားထိုးသုံးစွဲနေရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
အခုလိုစျေးနှုန်းမြင့်တက်လာသလို ဂက်စ်အရောင်းဆိုင်တွေမှာလည်း လိုသလောက်ဝယ်ယူလို့မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
“အရင်က အစ်ကိုတို့ဆိုရင် တစ်ရက်ကို ငါးပိဿာလောက်ကုန်တယ်။အခုက ဝယ်လို့မရတော့ နှစ်ပိဿာ၊သုံးပိဿာလောက်ပဲဝယ်လို့ရတယ်။ဒါတောင်အမြဲယူနေကျမို့လို့။နောက်ဆုံးကြော်ဖို့ဂက်စ်မရှိရင် မီးသွေးသုံးရတာပေါ့”လို့ စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အိမ်သုံးဂက်စ်ရောင်းချတဲ့ဆိုင်အချို့မှာ ဂက်စ်ပြတ်လပ်မှုတွေ ဖြစ်လာတာကြောင့် အိမ်းသုံးဂက်စ်တစ်ဘူးကို အရင်က ၇၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်အထိဖြစ်လာနေပြီ ဖြစ်ပါတယ်။