ပေါ်တူဂီ တောမီးလောင်ကျွမ်းမှုအတွင်း မီးသတ်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှုး သေဆုံး

Photo – Reuters

ဇူလိုင်လ ၁၅ရက်နေ့က ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း Torre de Moncorvo ဒေသမှာ  တောမီးလောင်ကျွမ်းနေချိန် ဝေဟင်ကနေ မီးငြိမ်းသတ်တဲ့ လေယာဉ်တစီးပျက်ကျခဲ့တာကြောင့်  လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

မီးသတ်လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးတည်း လိုက်ပါခဲ့တာဖြစ်ပြီး ကား ၊ ရဟတ်ယာဉ် အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ည ၈ နာရီခန့်မှာ လေယာဉ်ပျက်ကျတဲ့နေရာဆီ ရောက်ရှိခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေး အကြီးအကဲ အန်ဒရီ ဖာနန်ဒက်စ်က ပြောဆိုထားပါတယ်။

လေယာဉ်မှူးကတော့ အခင်းဖြစ်နေရာပဲ သေဆုံးသွားခဲ့တယ်လို့  သိရပါတယ်။ 

ပေါ်တူဂီနိုင်ငံဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အစပိုင်းကတည်းက အပူလှိုင်းဒဏ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး Torre de Moncorvo ဒေသမှာ  လောင်ကျွမ်းနေတဲ့ တောမီးဟာ မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ နိုင်ငံတွင်းမှာ လောင်ကျွမ်းနေတဲ့ တောမီး ၉ ခုအနက် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

“ပျက်ကျခဲ့တဲ့ လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူး သေဆုံးမှုအကြောင်း သိလိုက်ရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်” လို့ ဝန်ကြီးချုပ် အန်တိုနီယိုကော်စတာက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

နေ့အပူချိန် မြင့်တက်လာနိုင်တယ်လို့  အနီရောင်သတိပေးချက် ထုတ်ပြန်ထားပြီး ခရိုင် ၅ ခုမှာ မီးသတ်သမား ၁,၀၀၀ ကျော်က တောမီးကို ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံမှာ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၃ ရက်အထိ အပူလှိုင်းကြောင့် သေဆုံးသူ ၂၃၈ ဦးထိရှိခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။