တပတ်တာ နွေဦးပုံရိပ်လွှာ


ဆည်တမံ တခု၏ တာဘောင် အစိတ်အပိုင်းတနေရာဆီက မြင်ကွင်းတခု..။ ရုတ်တရက်ကြည့်သော် ပုရွက်ဆိတ်ကလေးများလောဟုပင် ထင်မိစေသော လူတန်းရှည်ကြီးတခုလည်း ထိုမြင်ကွင်းအတွင်း ပါဝင်နေသည်။

ပုံရိပ်အတွင်း အစက်အပျောက်လေးများအဖြစ်သာ တွေ့ရသော်လည်း အတန်းလိုက်ရှည်လျားစွာတွေ့ ရသော လူတန်းရှည်ကြီးသည် အရေအတွက်အားဖြင့် ရာဂဏန်းမျှရှိမည်ဟုခန့်မှန်းရသည်။ ပုံရိပ်အတွင်း ပါဝင်သူများသည် မျက်နှာမူရာအရပ်ဆီသို့ ဦးတည်ရွေ့လျားနေကြောင်းကိုလည်း ခံစားသိရှိနိုင်ပါသည်။

ဤသည်မှာ မကွေးတိုင်း ဒေသတခုအတွင်းက နေရပ်စွန့်ခွာလာရသူတွေဖြစ်သည်။ စစ်ဘေးရှောင်သူတွေဟု ဆိုခြင်းထက် စကစ စစ်တပ်ဘေးကရှောင်လာရသူများဆိုလျှင် ပိုမှန်မည်။တနည်းအားဖြင့် နွေဦးတော် လှန်ရေးအတွက် ဘဝတွေချခင်းထားရသူတွေဖြစ်၏။

အဆုံးအထိ တိုက်ပွဲဝင်ကြဖို့ ဆိုသည်မှာ စကားလွယ်သလောက် လက်တွေ့က အဆများစွာ ခက်ခဲကြမ်းတမ်းသည်ကို ကိုယ်တွေ့သိကြသူတွေလည်းဖြစ်သည်။ မှီခိုနေထိုင်ရာ အိမ်၊ ဝမ်းရေးအတွက် အားထားရာ လယ်ယာမြေ၊ တိရစ္ဆာန်တွေ၊ ပိုင်ဆိုင်မှုတွေ….၊ တိမ်းရှောင်ရာ အရပ်သို့ဆောင်ယူလာရန် မဖြစ်နိုင်သည့် အရာအားလုံး သူတို့နောက်ဘက်ဆီမှာ ကျန်ရစ်ခဲ့ကြပြီ။

နွေဦးတော်လှန်ရေးကာလအတွင်း ဤသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ လူဦးရေ တသန်းကျော်ပြီဟု အချက်အလက် စာရင်းဇယားတွေက ဖော်ပြသည်။ ဒါက ပြည်တွင်းမှာပင် မိမိနေထိုင်ရပ် အရပ်ဒေသကို စွန့်လွှတ်တိမ်းရှောင်ရသူဦးရေဖြစ်သည်။ ပြည်ပနိုင်ငံတွေဆီ ပြေးဝင်ခိုလှုံနေရသူတွေမပါသေး။

ပြည်သူအများအပြားကို ဤသို့အကြမ်းဖက်ခြင်းဖြင့် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအဖို့ ထောက်ပို့လမ်းကြောင်းတွေ ခက်ခဲစေသည့်အပြင်၊ ပြည်သူတွေကို ပြန်လည်စောင့်ရှောက်ရမည့် တာဝန်တွေလည်း ပိုသွားစေမည်ဖြစ်သည်။

ပြောက်ကြားတော်လှန်စစ်တွင် အသာမရနိုင်တော့သည့် စစ်တပ်အဖို့တော့ အကြိုက်တွေ့နေဆဲ တချက်ခုတ်၊ သုံးချက်လောက်ပြတ်သည့် ဗျူဟာပင်..။ ထို့ကြောင့် မည်သူမည်သို့ဆိုဆို အာဏာတည်မြဲရေးအဓိက ဖြစ်နေသည့် အကြမ်းဖက်စစ်တပ်ကတော့ ဤနည်းဗျူဟာကိုသာ ဆက်လက်ကျင့်သုံးနေဆဲ။

အနယ်နယ်အရပ်ရပ်၊ နိုင်ငံအသီးသီးက နွေဦးပြည်သူတွေ တတ်စွမ်းသမျှ ဖေးမကူညီခြင်းဖြင့်သာ အကြမ်းဖက် စစ်အုပ်စု၏ ဤနည်းဗျူဟာကို တုံ့ပြန်တွန်းလှန် ခုခံကာကွယ်နိုင်ပါလိမ့်မည်။

စစ်ရေးသတင်းတွေကတော့ တော်လှန်ရေးကာလဖြစ်သည့် အားလျော်စွာ နေ့စဉ်မပြတ် လှုပ်လှုပ်ခတ်ခတ်ရှိလှသည်။ ဥကရစ်ထတွင် စတင်ခဲ့သော ဒေါနမြေက စစ်ရေးသတင်းတွေမှာတော့ ဒေါနသားတော်လှန်ရေး အင်အားစုတွေ အောင်ပွဲဆင်နေကြဆဲပင်..။

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲနောက်ပိုင်း KNU နယ်မြေအတွင်း ဖြန့်ကျက်လှုပ်ရှားရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ စစ်ကြောင်းများ ဆက်တိုက်ဆိုသလို ကြားဖြတ်တိုက်ခိုက်ခံရသည်။ သည်အထဲ ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်ခြင်းခံရသော စကစ တပ်မ ၄၄ လက်အောက်ခံ ခလရစစ်ကြောင်းကတော့ အတော်အထိ နာသွားမည့်ပုံပေါ်၏။

သည်စစ်ကြောင်းတခုတည်းကပင် ဒေါနမြေက မြွေဟောက်ပေါက်တာ နှစ်ကြိမ်တိုင်ခံရသည်။ ယင်းစစ်ကြောင်းကို ဇူလိုင် ၁၂ ရက်တွင် ကော်ဘရာတပ်ဖွဲ့က တိုက်ခိုက်ရာ စကစ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားလည်း မြွေဟောက်တွေဘက်က ရလိုက်သည်။

ထို့ကြောင့် စကစတို့ တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးကြသည်။ အခဲမကျေသည့် မြွေဟောက်တို့က တကြိမ်တည်းနှင့်အားမရ။ ဇူလိုင် ၁၃ ရက်တွင် တိုက်ပွဲထပ်ဖြစ်ပြန်သည်။ ဤတကြိမ်တွင် စစ်နည်းဗျူဟာအရ ကြားဖြတ်စောင့်ဆိုင်းနေသော စစ်သည်တော်များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု ကော်ဘရာက ထုတ်ပြန်အသိပေးသည်။

စကစတို့တပ်ပျက်ပြေးမည်ကို ကော်ဘရာတို့ ကြိုတင်တွက်ချက် ဗျူဟာချထားသည့် သဘောပင်..။ ယခင်တိုက်ပွဲတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ သေဆုံးခဲ့သော စကစ စစ်ကြောင်းက ဤတိုက်ပွဲတွင် ယာယီတပ်ရင်းမှူး ထပ်ကျပြန်သည်။ သည်မျှနှင့်ပင် စကစတို့မည်မျှတပ်ပျက်ခဲ့ကြောင်း မှန်းဆသုံးသပ်နိုင်ပြီဖြစ်သည်။

တောင်းပိုင်းလို စစ်ရေးသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့မရှိသော်လည်း မြောက်ပိုင်းကချင်ဒေသတွင်လည်း တိုက်ပွဲများငြိမ်သက်မနေပါ။ အပတ်စဉ်တိုက်ပွဲသတင်းတွေ တွေ့ရတတ်သည်။ ဤသီတင်းပတ်တွင်တော့ ဝိုင်းမော်တွင်ဖြစ်သည့်တိုက်ပွဲ၌ စကစ တို့က လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့သည်ဟု တွေ့ရသည်။

စစ်ကိုင်း၊ ကချင်နယ်စပ် အင်းတော်တွင်လည်း KIA နှင့် PDF ပူးပေါင်းတပ်တို့က မဲဇာရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲတွင် စစ်သား၊ ရဲနှင့် ပျူစောထီး ၃၀ ခန့်သေပြီး pdf ၁ ဦးကျဆုံးကြောင်း သတင်းတွေကဆိုသည်။ ရဲစခန်းအနီးနေအိမ်မှ ပြည်သူလူငယ်တဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း တွေ့ ရသည်။

နေ့စဉ်ဆိုသလို မီးလောင်ပြင်ပုံရိပ်တွေနှင့် ဖုံးလွှမ်းနေသည့် အညာလွင်ပြင်တွင်တော့ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်လည်ပတ်နေပြီဖြစ်ကြောင်း ကြေညာမှုတွေ NUG နှင့် ဒေသကာကွယ်ရေးတပ်တွေက ခပ်စိတ်စိတ်လုပ်ပြနေသည်။ စစ်ကိုင်းတိုင်း ခရိုင် ၄ ခုရှိ ၈ မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်နေပြီဖြစ်၍ စကစ အုပ်ချုပ်ရေးမှူးများ ရာထူးစွန့်လွှတ်ရန်၊ နယ်မြေမှ စွန့်ခွာရန် NUG က ယခုသီတင်းပတ်အတွင်း သတိပေးသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စကစ ဝါးတားဂိတ်မဟုတ်သည့် ပြည်သူ့စစ်ဆေးရေး ဂိတ်တွေဖွင့်ပြခြင်းဖြင့် ၎င်းတို့၏ နယ်မြေစိုးမိုးမှုအခြေအနေကို လှစ်ဟပြကြသည်။ ဤသို့ စိုးမိုးနယ်မြေများ တိုးချဲ့ ရယူခြင်းကပင် နွေဦးအောင်ပွဲပုံရိပ်တို့ အစပြုနေခြင်းဖြစ်သည်။

ဤသို့ စကစနှင့် တော်လှန်ရေး အင်အားစုများ အားပြိုင်မှုမြင့်တက်လာသည်နှင့်အမျှ ပြည်သူ့ဘက် ဘက်ပြောင်းခိုဝင်လာသော စကစ တပ်ဖွဲ့ဝင်တွေလည်း တဖွဲဖွဲရှိနေဆဲဖြစ်သည်။ သည်အထဲ ယခုသီတင်းပတ်အတွင်း CDM ဝင်လာသည့် ရဲတဦးကတော့ ထူးခြားသည်။

ကနဦးတွင် ရဲအချုပ်၌ တော်လှန်ရေးနှင့်ဆက်စပ်ကာ အဖမ်းခံထားရသော အမျိုးသမီးတဦးကို ခိုးပြေးသွားသည့် ရဲအဖြစ် သူ့ကိုစတင်သတိပြုမိကြရသည်။ သို့သော် ပြန်လည်ရှင်းလင်းချက်များအရတော့ သူက CDM ဝင်ရင်း ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသူကိုပါ ကယ်ထုတ်လာသည့် ပြည်သူ့ဘက်တော်သားတဦးဖြစ်နေပြန်သည်။

မလှိုင်ရဲစခန်းမှ ရဲတပ်သား စိုးပိုင်က CDM ဝင်ရန်ကြိုးပမ်းစဉ် အဆိုပါရဲစခန်းမှာပင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် ဖမ်းဆီးခံနေရသော အကျဉ်းသူကို တပါတည်း ကယ်တင်ခေါ်ဆောင်၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ အရောက်သွားခဲ့သည်။ နွေဦးတွင် ဤသို့သော ဖြစ်ရပ်က ပထမဆုံးဟုပင် ဆိုနိုင်သည်။

ဤသို့ပင် မကြာခဏ များများစားစားမတွေ့ရနိုင်သော တော်လှန်ရေးကာလ ဖြစ်ရပ်တခုက ရေစကြိုမှာလည်းရှိသည်။ စကစ လက်ပါးစေ ၁၅ ဦးကျသည်အထိ တကိုယ်တည်း ရင်းသွားခဲ့သော PDF တဦးအကြောင်း ဖြစ်သည်။

ရေစကြိုမြို့၊ သဲတော်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းရှေ့မှ ဖြတ်သန်းသွားသော ဆိုင်ကယ်စီးလူငယ်တဦးကို ပစ်ခတ်သည်။ ယင်းလူငယ်က pdf တပ်ဖွဲ့ ဝင်ဖြစ်သည်။ စကစတို့ ပစ်ခတ်သော သေနတ်ကျည်ဆန်ကို သူ့ခန္ဓာကိုယ်တွင်း တိုးဝင်ရောက်ရှိသွား၏။

ရုပ်ရှင်တွေထဲမှာသာ မြင်တွေ့လေ့ရှိကြသည့် ပြကွက်မျိုးကို ဒဏ်ရာရနေသော အဆိုပါလူငယ်က ဖန်တီးလိုက်သည်။ သူ့အနား ဝိုင်းအုံလာသော စကစတပ်ဖွဲ့ဝင်တွေကို အသင့်ပါလာသည့် လက်ပစ်ဗုံးသုံးလုံးဖြင့် အသေခံတိုက်ခိုက်၏။ နွေဦးပြည်သူတွေအဖို့တော့ စကစ ၁၅ ဦးသေဆုံးခြင်းထက် ပြည်သူ့ရဲဘော်တဦး ကျဆုံးမှုကိုသာ ပိုမိုသတိပြုမိကြမှာ ဧကန်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အခြေမလှဖြစ်ခဲ့သော မြို့ပြမြေအောက်လှုပ်ရှားမှုတွေက ယခုသီတင်းပတ်မှာတော့ ပြန်လည်ခေါင်းထောင်လာသည့် အနေအထားရှိသည်။ မြို့ပြရပ်ဝန်းမှာ နာနတ်သီးသံတွေ ပြန်ကြားလာရ၏။

မိုးကောင်းမြို့နယ် စည်ပင်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရသည်။ ရန်ကုန်တွင်လည်း ထင်ရှားသည့် နေရာအချို့ အပါအဝင် မြို့နယ်အစုံ၌ ပေါက်ကွဲမှုတွေဖြစ်သည်။ စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက် ပေါက်ကွဲမှုတွင်တော့ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရကြသည်။

ပြည်သူ့ဘက်တော်သား မြေအောက်လောကသားတွေ ပြန်လည်ခေါင်းထောင်လာပြီဆိုသော်ငြား မြို့ပြရပ်ဝန်းဆီက ပေါက်ကွဲမှုတွေက ရှုပ်ထွေးမှုတွေလည်းရှိသည်။ အချို့ဖောက်ခွဲ တိုက်ခိုက်မှုတွေက စကစ စစ်ရေးပစ်မှတ်၊ သို့မဟုတ် ဒေါက်တိုင်တွေနှင့် သက်ဆိုင်မှုမရှိသည့် နေရာတွေမှာဖြစ်သည်။

မူလကတည်းက ခက်ခဲကျပ်တည်းစွာ ရပ်တည်နေရသည့် ယူဂျီလောကသားတွေကတော့ တန်ဖိုးကြီးသော ခဲယမ်းတွေကို ဤသို့ မဆီမဆိုင်ရလဒ်မရှိသော နေရာတွေမှာ ဖြုန်းတီးနိုင်ခြင်းမရှိဟု ရှင်းလင်းထုတ်ပြန်ကြတာတွေလည်းရှိသည်။

ပြည်သူအချို့ထိခိုက်ခဲ့သော မြေနီကုန်းပေါက်ကွဲမှုနှင့် ပြည်သူထိမည်စိုး၍ အလဟသဆုံးရှုံးခံလိုက်ရသော တာမွေ မစ်ရှင်ကိစ္စတွေကို နှိုင်းယှဉ်၍ ချင့်ချိန်သုံးသပ်နိုင်သည်။ တာမွေတွင် စကစ စစ်ယာဉ် ရပ်နားနေကျနေရာတွင် ဖောက်ခွဲရန် ယူဂျီတို့က စီစဉ်ထားသည်။

စကစတို့မလာမီမှာပင် အမှိုက်ကောက်သူတဦးက ဖောက်ခွဲရေး ပစ္စည်းကိုတွေ့သွား၏။ သတင်းပို့၏။ ရပ်ကွက်နေသူတွေကလည်း နာနတ်သီးမတွေ့ဖူး၍ထင်သည်၊ ဝိုင်းအုံလာကြည့်ကြ၏။ ထို့ကြောင့် မစ်ရှင် ဖျက်သိမ်းရ၏။

မြို့ပြက ပေါက်ကွဲမှုတွေ၏ နောက်ကွယ်တွင် မသိခြင်းအကြောင်းတရားတွေက များစွာရှိနေသည်။ ဤကာလအတွင်း “အသွားမတော်တလှမ်း” “သတိတမံ ဉာဏ်မြေကတုတ်” ဆိုသည့် ဆိုရိုးစကားတွေကို မြို့ပြနေသူတွေ လက်ကိုင်ထားသင့်ပါသည်။