ဗြိတိန်မှာ စံချိန်တင်အပူချိန်ကြောင့် အမျိုးသားအရေးပေါ်အခြေအနေ ကြေညာ

Photo – Reuters

ဗြိတိန်နိုင်ငံ Met Office မိုးလေဝသဌာနက စံချိန်တင်နေ့အပူချိန် မြင့်တက်နိုင်တာကြောင့်  ဇူလိုင်လ ၁၅ ရက်နေ့မှာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို ကြေညာလိုက်ပါတယ်။

အပူချိန် စံချိန်တင် မြင့်မားလာတာကြောင့် လာမယ့်အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ဒေသအချို့အတွက် ‘အပူလွန်ကဲခြင်း’အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

“ထူးခြားပါတယ်၊ စံချိန်ချိုးနိုင်တယ်၊ အပူချိန်က တနင်္လာနေ့ ပြီးရင် အင်္ဂါနေ့မှာ ထပ်ဖြစ်နိုင်တယ်၊ အထူးသဖြင့် မြို့ပြဒေသတွေမှာ ညအချိန် အရမ်းပူနွေးနိုင်ပါတယ်၊ ဒါက လူတွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ Met Office က သူ့ရဲ့ဝဘ်ဆိုဒ်မှာ တင်ထားပါတယ်။

ဗြိတိန်မှာ အမြင့်ဆုံးစံချိန်တင်အပူချိန်ဟာ ၃၈ ဒဿမ ၇ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က Cambridge University Botanic Garden မှာ မှတ်တမ်းတင်ထားပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ UK Health Security Agency နဲ့Met Office တို့ဟာ နိုင်ငံအတွင်းရှိ တချို့ဒေသတွေအတွက် အပူချိန် ကျန်းမာရေးသတိပေးချက် အဆင့် ၃ ကို ထုတ်ပြန်ခဲ့ပါတယ်။ ထိခိုက်လွယ်သူတွေကို ကာကွယ်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

အပူလှိုင်းဟာ အလွန်ပြင်းထန်ပြီး  ကြာရှည်လာတဲ့အခါ သူ့ရဲ့သက်ရောက်မှုတွေဟာ ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုစနစ်ရဲ့အပြင်ဘက်ကို ကျော်လွန်သွားနိုင်ပါတယ်။ အဲဒီအဆင့်မှာ ဖျားနာတာနဲ့ သေဆုံးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အနီရောင် အဆင့် ၄ သတိပေးချက်အဖြစ် သတ်မှတ်တယ်လို့ Met office ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။