ဆော်ဒီအာရေးဗျက သူ့ရဲ့လေပိုင်နက်ကို လေကြောင်းလိုင်းအားလုံးအတွက် ခွင့်ပြုသွားမယ်

ဆော်ဒီအာရေးဗျနိုင်ငံဟာ သူ့ရဲ့ လေပိုင်နက်ကို လေကြောင်းလိုင်းအားလုံးအတွက် ဖွင့်ပေးမယ်လို့ ပြောဆိုလိုက်ပြီး ဒါဟာ အစ္စရေးနိုင်ငံကနေ လေကြောင်းခရီးစဉ်တွေ ပိုပြီးပြေးဆွဲဖို့ လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ရက်နေ့မှာ ဆော်ဒီအာရေးဗျကို လာရောက်လည်ပတ်မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အနေနဲ့ အခုလို ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
အရပ်ဘက်လေယာဉ်တွေအကြား ခွဲခြားဆက်ဆံမှု မရှိစေရဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့အညီ ဆော်ဒီလေပိုင်နက်ဟာ အခုအခါ လေယာဉ်ပျံသန်းမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ လေကြောင်းလိုင်း အားလုံးကို ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ဆော်ဒီလေကြောင်းဆိုင်ရာ အထွေထွေအာဏာပိုင်အဖွဲ့ (GACA) က ပြောဆိုထားပါတယ်။
အခုလို ဆုံးဖြတ်ချက်ဟာ တိုက်ကြီးသုံးတိုက်ကို ချိတ်ဆက်ပေးပြီး နိုင်ငံတကာလေကြောင်း ချိတ်ဆက်မှုကို တိုးမြှင့်ပေးမှာဖြစ်တယ်လို့ GACA ရဲ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ ပိုမိုပေါင်းစည်းလာမယ့် အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်လုံခြုံမှုအတွက် လမ်းခင်းပေးတာ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေသာမက အစ္စရေးနိုင်ငံရဲ့လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက်ပါ အရေးကြီးပါတယ်” လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစ္စလာမ်တွေရဲ့မွေးရပ်မြေဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားဟာ မကြာခင်မှာ အစ္စရေးလေကြောင်းလိုင်းတွေကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးတော့မှာ ဖြစ်တယ်လို့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။