ကြံခင်းမြို့မှာ သားဖြစ်သူကို PDF လို့ စွပ်စွဲပြီး မိဘအိမ်ကိုချိတ်ပိတ်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက သားဖြစ်သူကို PDF လို့စွပ်စွဲပြီး မိဘတွေနေတဲ့ အိမ်ကို ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အပိုင်၊ခုံကြီးရွာနေ ဦးကုလား နဲ့ ဇနီး ဒေါ်ဌေးဝင်းတို့ရဲ့ နေအိမ် ကို ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဘက်ရဲမြို့မရဲစခန်းက နယ်ထိန်းသိန်းတန် ဦးဆောင်တဲ့အဖွဲ့က လာရောက်ချိတ်ပိတ်သွားတာလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“သားဖြစ်တဲ့သူက PDF အဖွဲ့ဝင်ဆိုပြီး အိမ်ကို လာပြီးမွှေနှောက်ရှာတယ်။ပြီးတော့အိမ်ကိုဓာတ်ပုံရိုက်တယ်။ချိတ်ပိတ်တယ်ဆိုပြီး နယ်ထိန်းကပြောသွားတယ်လို့” မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အိမ်ချိတ်ပိတ်ခံရတဲ့အတွက် အိမ်ပိုင်ရှင် မိဘနှစ်ဦးနဲ့ကျန်မိသားစုဟာ နေထိုင်ဖို့အခက်အခဲရှိနေပြီး လက်ရှိမှာတော့ ဆွေမျိုးတစ်ဦးရဲ့ နေအိမ် မှာယာယီ ရွေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။
PDFလို့ စွပ်စွဲခံရတဲ့ ဦးကုလား နဲ့ ဒေါ်ဌေးဝင်းတို့ ရဲ့ သားဖြစ်သူဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက် ၂၀၂၁ခုနှစ်၊ဇူလိုင်လပိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဝန်ကြီးချုပ်ဟောင်း မန်ဂျော်နီ အပါအဝင် အမတ်အချို့ ၊ပရဟိတ ခေါင်း ဆောင်အချို့ နဲ့ စစ်တပ် အာဏာ သိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဝရမ်းထုတ်ခံရတဲ့ နိုင်ငံ ရေးတက်ကြွလှုပ် ရှားသူတွေရဲ့ ရုံး၊ ဆေးခန်း၊ အခမဲ့စာသင်ကျောင်း၊နေအိမ်၊ ခြံ၊ဆိုင် နဲ့ ကား တို့ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းတာ ၁၀၀ ကျော်နေပြီဖြစ်ပါတယ်။