ရေစကြိုမှာ PDF ရဲဘော်တစ်ဦးက အကြမ်းဖက်စစ်တပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက လက်လုပ်မိုင်းနဲ့အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group (YRG) က ထုတ်ပြန်ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၈ ရက် ညနေ ၆ နာရီဝန်းကျင်က သဲတောကျေးရွာ ဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားတာကို Yesagyo Revolution Group – YRG နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ရပ်ရွာကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးက မသိပဲ ဘုန်းကြီးကျောင်းရှေ့ကို ဆိုင်ကယ်နဲ့ဖြတ်သွားချိန် ဘုန်းကြီးကျောင်းရှေ့အရောက်မှာ အကြမ်းဖက်စစ်တပ်က သေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အပစ်ခံရချိန် PDF ရဲဘော်က အသင့်ပါလာတဲ့ လက်လုပ်မိုင်းသုံးလုံးနဲ့ အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီရဲဘော်ကို အကြမ်းဖက်စစ်တပ်က ဘုန်ကြီးကျောင်းအနောက်ဘက်ရှိ သဲချောင်းအတွင်းမှာ စိတ်မနှံ့တဲ့ နောက်ထပ်ပြည်သူနှစ်ဦးနဲ့ အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မျာ ဖော်ပြထားပါတယ်။
“ရဲဘော်လေးရဲ့ လုပ်ရပ်ကို အရမ်းလေးစားပါတယ် ၊ နာမည် ၊ အသက်တွေ ဖော်ပြပြီး ဂုဏ်ပြုချင်ပေမယ့် ဝမ်းနည်းစရာက ကျန်ရစ်တဲ့မိသားစုက မဖော်ပြဖို့ မေတ္တာရပ်ခံထားတာပါပဲ” လို့ YRGအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရုပ်အလောင်းတွေကို ပခုက္ကူ မြို့ပေါ်ကို သယ်ဆောင်သွားပြီး ဒဏ်ရာရရှိထားတဲ့ အကြမ်းဖက်စစ်သားတွေကို ပခန်းကြီးတိုက်နယ်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။