ပုလောမှာ လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ညနေက လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညနေ ၅ နာရီခန့်က ပုလောအရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ မှော်မိ၊ ဂျင်ဂါ၊ ကျောင်းနိမ့်ကျေးရွာတွေဘက်ကို အကြမ်းဖက်စစ်တပ်က ပုလောတပ်ရင်းကနေ လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မှော်မိကျေးရွာထဲကို ကျခဲ့ပြီးနောက် ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်း ၅၃ နှစ်ကို ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
“မနေ့ညနေပိုင်းက စကစရဲ့ပုလောတပ်ရင်းကနေ ပစ်တဲ့ လက်နက်ကြီးကျည်က ရွာထဲကျပြီး ဦးစိန်ဝင်းကို ထိသွားတာ။ ခြေပြတ်ပြီး ဝမ်းဗိုက်ကျည်စထိမှန်ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်” လို့ သူက ပြောပါတယ်။
ပုလောမြို့နယ်ထဲက ကျေးရွာတွေဟာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ကာလအတန်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ရတာဖြစ်ပါတယ်။
တိုက်ပွဲအခြေနေ အနည်းငယ်အေးချမ်းလာတာကြောင့် ကျေးရွာတွေကို ပြန်လာချိန်မှာတော့ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အခုလိုအရပ်သားသေဆုံးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။