ကလေးမြို့နယ်ထဲက လယ်သမားတွေရဲ့ စပါးဘယ်လို စိုက်နေကြရသလဲ?

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် လယ်သမားတွေရဲ့ မိုးဦးကျကာလ စပါးစိုက်ပျိုးရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ DNA ကိုပြောပါတယ် ။
“ပျိုးထောင်ပြီး ဘယ်သူမှမစိုက်နိုင်ဘူး။ ပြေးလိုက်လွှားလိုက်လုပ်နေရတော့ကာ။တင်သား၊ရှားဖို၊ အရှေ့စည်း၊ဒိုးနွယ် အကုန်လုံးကောက်ခြောက်ကြဲကြရတာ။ ပြီးတော့ မြောင်းရေကလည်းမမှန်ဘူး။ နန်းကသဲကနေလွှဲထားတဲ့ ရေဝင်ပေါက်ကို မပြင်နိုင်ကြတော့ နည်းနည်းပဲလာတယ်။ ရသလောက်ပ။ စားလောက်ရင်တော်ပြီလို့သဘောထားကြတာ။ ဒါတောင် ကိုယ်စိုက်တာ ကိုယ်ရချင်မှရမှာ” လို့ ရှားဖိုရွာခံတစ်ဦးကပြောပါတယ်။
ရှားဖို၊ တင်သား၊ ဒိုးနွယ်၊ အရှေ့စည်းရွာတွေက လယ်တွေစိုက်ပျိုးရေးအတွက် နန်းကသဲချောင်းကနေ ” ကျုံး” လို့ဒေသအခေါ် ခေါ်တဲ့ ရေလွှဲမြောင်းကို အားကိုးနေရတာဖြစ်ပြီး မြောင်းကိုမပြုပြင်နိုင်တဲ့အတွက် ရေလာနည်းနေတာပါ။
“ကျနော်တို့ရွာက ကောက်ခြောက်တောင် အကုန်မကြဲနိုင်ကြဘူး။ တချို့လည်းစစ်ပြေးရင်းတောင်ပေါ်တွေရောက်၊ ကလေးမြို့ရောက်ပြန်မလာကြတော့ဘူးလေ။ ကျနော်လည်း ရလိုရငြား ကျဲထားရတာ မသေချာဘူး။ ပဲတွေတုန်းကလည်း စစ်ခွေးတွေနဲ့ ဟံဟာဝတီမြောက်ခင်ရန်းဘက်က ပျူတွေလာသိမ်းသွားတာ ကျနော်တို့က ၂၀ % လောက်ဘဲ သိမ်းလိုက်နိုင်တယ်” လို့ မှန်တောရွာသားတစ်ဦးကဆိုပါတယ်။
ပဲတွေရိတ်သိမ်းချိန်တုန်းက စစ်ကောင်စီတပ်သားတွေနဲ့ ဟံသာဝတီ၊ကုက္ကား၊ မြောက်ခင်ရန်းရွာက ပျူတွေက လက်နက်နဲ့ခြိမ်းခြောက်ပြီး မှန်တော၊ရှားဖို၊တင်သားရွာက ပဲခင်းတွေကို သိမ်းယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လယ်တွေက ကောင်းကောင်းထွန်လို့မရဘူး။ သမန်းညက်ဖို့ကတော့မပြောနဲ့တော့ ။ မြောင်းရေကလည်း မရသလောက်ဆိုတော့ ကောင်းကင်ရေပဲ အားကိုးနေရတယ်။ စားလောက်အောင်ရရင် တော်ပါပြီ” လို့ အရှေ့စည်းရွာသားတစ်ဦးက ပြောပါတယ်။
ရှားဖို၊ တင်သား၊ အရှေ့စည်းရွာတွေက လယ်တွေဟာ ဟိုအရင်နှစ်တွေက ပျိုးထောင်ပြီး စိုက်ပျိုးခဲ့ကြတဲ့လယ်တွေဖြစ်ပြီး (၁) ဧက ပျမ်းမျှ စပါးတင်း ၁၀၀ ထွက်ခဲ့ပေမယ် ဒီနှစ် နယ်မြေအခြေအနေကြောင့် ကျဲခင်းစိုက်စနစ်နဲ့ပဲ စိုက်ပျိုးနိုင်တဲ့အတွက် အထွက်နှူန်းကျမယ်လို့ ဒေသခံတွေက တွက်ချက်နေကြတာပါ။