မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူကို ထောင် ၅နှစ်ချ

ဧရာဝတီတိုင်း၊ မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူတစ်ဦးကို ဖျာပုံထောင်တွင်း အထူးတရားရုံးက ထောင် ၅ နှစ်ချလိုက်ပါတယ်။
မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မမျိုးသန္တာကျော်ကို ပုဒ်မ ၅၂(က) နဲ့တရားစွဲဆိုပြီး ဇူလိုင်လ ၅ ရက်နေ့က ဖျာပုံထောင်တွင်း အထူးတရားရုံးက အမိန့်ချလိုက်တာလို့ အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူ တွေထံက သိရတာပါ။
“စစ်တပ် အာဏာသိမ်းတာကိုဆန့်ကျင်တော်လှန် လို့တရားစွဲထောင်ချလိုက်တာပါ”လို့ ဆိုပါတယ်။
ထောင် ၅ နှစ်ချခံတဲ့ မအူပင်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် မမျိုးသန္တာကျော် ဟာ သင်္ချာအထူးပြု တတိယနှစ် ကျောင်းသူ ဖြစ်ပြီး ဘိုကလေးမြို့ဇာတိဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် ဖျာပုံထောင်မှာ ချုပ်နှောင်ထားတာ ၁ နှစ်လောက် ရှိနေပြီလို့ မိသားစုနဲ့ နီးစပ်သူအချို့ထံကသိရပါတယ်။
၂၀၂၁ခု နှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မအူပင်တက္ကသိုလ်က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုသုတ နဲ့ ရူပဗေဒ နောက်ဆုံးနှစ်ကျောင်းသူ မဆုမြတ်နိုး တို့ကိုလည်း ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထောင် ချခဲ့တယ် လို့လည်း မအူပင်တက္ကသိုလ် သ မဂ္ဂအဖွဲ့ဝင် အချို့ဆီကသိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မအူပင်တက္ကသိုလ် က CDMလုပ်တဲ့ ပါမောက္ခ၊ ဒုတိယ ပါမောက္ခ၊ကထိက နဲ့ လက်ထောက် ကထိက ၁၂၉ ဦးကိုလည်း ၂၀၂၁ ခု နှစ် မေလတွင်းက အလုပ်တာဝန် ကနေ ရပ်စဲခဲ့ပါတယ်။