မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ မြိုင်၊ ရေစကြိုမြို့နယ်၊ နယ်နမိတ်အစပ်က ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အကြမ်းဖက်စစ်တပ်က ပြန်လည်သယ်ဆောင်တာမလုပ်ဘဲ တစ်ခါတည်း မီးရှို့ခဲ့တယ်လို့လည်း ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ဇူလိုင် ၈ ရက်မနက်ပိုင်းက ကျေးရွာတွေကိုစစ်ကြောင်းထိုးပြီး ဆုပ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်တာကြောင့် တစ်နာရီကြာအပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ပူးပေါင်းအဖွဲ့ဘက်က နေရာအနှံ့ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲကိုတော့ Southern yso (pdf)၊Urban Underground Revolution force-yso(UURF)၊Shwe Nyar Myae (pdf)၊Yesagyo revolution group(YRG)၊ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊Young Force (UG)၊သခင်မြ (လ/န ကြီးတပ်ဖွဲ့)၊Black Croba၊ကျောက်ထု PDF တပ်ရင်း (၂) စတဲ့ ဒေသကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။