မြန်မာ-အိန္ဒိယနယ်စပ် အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်ဖို့ ဒေသခံတွေ မျှော်လင့်နေ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တင်းမာမှုတွေဖြစ်ခဲ့တဲ့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ တမူးနဲ့မိုးရေးမြို့ဟာ ရက်ပိုင်းအတွင်းမှာ အရောင်းအဝယ်တွေ ပုံမှန်ပြန်ဖြစ်နိုင်တော့မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
တမူး – မိုးရေးဟာ နယ်စပ်ကုန်သွယ်မှူမှာ အဓိကျတဲ့မြို့ဖြစ်နေကြောင့် နယ်စပ်ကို နှစ်နိုင်ငံ မြို့မိ၊ မြို့ဖတွေနဲ့ တာဝန်ရှိသူတွေက ညှိနိူင်းပြီး မကြာမီရက်ပိုင်းအတွင်းမှာ အရင်လို့ ပုံမှန်ပြန် ကုန်သွယ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။
“မိုးရေးနဲ့တမူးဆိုတာ အကြာကြီးခွဲထားလို့မရဘူးဗျ။ စီးပွားဖက်မြို့တွေဖြစ်သလို၊ နှစ်ကာလကြာရှည်စွာဆက်ဆံလာကြတဲ့ မိတ်ဆွေမြို့တွေလည်းဖြစ်တယ်။ နှစ်ဖက်မြို့မိမြို့ဖတွေနှင့် တာဝန်ရှိသူတွေညှိနှိုင်းပြီး ပြန်လည်ကူးလူး ဆက်ဆံသွားတော့မှာပါ” လို့ တမူးမြို့ကုန်သည်တစ်ဦးကပြောပါတယ်။
ဇူလိုင် ၆ ရက်နေ့ အိန္ဒိယနိုင်ငံသား တမီလ်းလူမျိုးနှစ်ဦးသတ်ဖြတ်ခံရပြီး အလောင်းကိုပြန်မပေးဘဲ မီးသင်္ဂြိုလ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်ကြားမှာ တင်းမာမှုတွေဖြစ်ခဲ့တာကြောင့် ဖြတ်ကျော်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ နှစ်နိုင်ငံမြို့မိမြို့ဖတွေနဲ့ တာဝန်ရှိသူတွေညှိနှိုင်းနေစဲဖြစ်တာကြောင့် တမူးနဲ့မိုးရေးမြို့တွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ထားခဲ့တာဖြစ်ပေမယ့် ကုန်ပစ္စည်းရောင်းချမှုတွေ ပြန်လုပ်နေပြီလို့ ဒေသခံကယ်ရီသမားတစ်ဦးကပြောပါတယ်။
” ပြီးခဲ့တဲ့ရက်ပိုင်းက နှစ်ဖက်စလုံးကလူတွေ တစ်ဖက်နဲ့တစ်ဖက်ဝင်ထွက်လို့မရဘူး။ ဒီနေ့ထိလည်းမရသေးဘူး။ ဒါပေမယ့် ကုန်ပစ္စည်းတွေတော့ ရောင်းဝယ်နေတာပဲ။ လူမသွားရပေမယ့် နယ်စပ်မှာကုန်ပစ္စည်းရောင်းဝယ်ကြတာပဲ။ လူဝင်လူထွက်မရှိပေမယ့် ပစ္စည်းအဝင်အထွက်ရှိတယ်။” လို့ ကယ်ရီသမားတစ်ဦးကဆိုပါတယ်။
တမူးမြို့နဲ့မိုးရေးမြို့ဟာ အပြန်အလှန်မှီခို နေကြတဲ့မြို့တွေဖြစ်ပြီး ကုန်သည်တွေသာမက ကုန်စိမ်းသည်တွေ၊ ကယ်ရီသမားတွေအစရှိတဲ့ လက်လုပ်၊ လက်စားသမားများစွာ အမှီပြုနေကြတဲ့မြို့တွေ ဖြစ်ပါတယ်။