တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံပဋိပက္ခမဖြစ်ပွားရအောင် နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ခု သူတို့ဘက် တင်နိုပါခရိုင်မှူးက စာထုတ်ထားတယ်။ အိန္ဒိယနိုင်ငံသားတွေ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံထဲကို မသွားရဘူး။ မြန်မာနိုင်ငံကသူတွေလည်း ခွင့်ပြုချက်မရှိဘဲ အန္ဒိယနိုင်ငံထဲကို မဝင်ရဘူး။ အိန္ဒိယနိုင်ငံနယ်စပ်မှာ လူစုလူဝေးမလုပ်ရဘူးဆိုပြီး ထုတ်ပြန်ထားတယ်” လို့ တမူးမြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။
မြန်မာနိုင်ငံ၊ တမူးမြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မိုးရေးမြို့နယ်ဟာ တက်နိုပါခရိုင်ထဲမှာ ပါဝင်တာကြောင့် တက်နိုပါခရိုင်မူးက စာထုတ်တားမြစ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ အလောင်းနဲ့ပတ်သက်ပြီး ပြန်ပေး၊ မပေးကိုတော့ တိတိကျကျသိရှိရခြင်း မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ပြန်ပေးတယ်လို့လည်း မကြားဘူး။ အသတ်ခံရတဲ့ ညနေမှာပဲ မီးရိူ့ပစ်ပြီးပြီလို့ သတင်းတွေလည်း ထွက်နေတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလိုနယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်လိုက်တဲ့အတွက် မိုးရေးဘက်ကို သွားလာရောင်းချရတဲ့ စျေးသည်တွေအနေနဲ့အခက်အခဲ ဖြစ်ပေါ်စေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
” ညှိနှိုင်းနေကြတယ်လို့တော့ပြောတာပဲ။ အမြန်ပြေလည်မှဖြစ်မယ်။ ကြာနေရင် မိုးရေးဘက်ကို စျေးသွားရောင်းတဲ့သူတွေ၊ ကယ်ရီသမားတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်” လို့ တမူးမြို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
မြန်မာဘက်ကနေ မိုးရေးဘက်ကို ကုန်စိမ်း၊ တံမြက်စီးကစ နေ့စဥ်သွားရောက်ရောင်းချတဲ့သူတွေရှိသလို မိုးရေးမြို့စျေးမှာ ဆိုင်ခန်းနဲ့ရောင်းချတဲ့ မြန်မာနိုင်ငံဘက်ကသူတစ်ချို့လည်းရှိပါတယ်။
အိန္ဒိယ နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ ဇူလိူင်လ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့တွေမှာ အိန္ဒိယ နိုင်ငံဘက်က တလ်မီးသုံးဘီအသင်း သုံးဘီးမောင်းသမားတွေနဲ့ လူငယ်အချို့ဟာအလောင်းပြန်မရတဲ့အတွက် မြန်မာနိုင်ငံဘက်ကို ဝင်ရောက်ပြီး ရဲကင်းတို့ကိုမီးရိူ့တာ၊ နယ်စပ်က လ္ဘက်ရည်ဆိုင်တစ်ဆိုင်ကို ခဲနဲ့ပေါက်တာတွေ လုပ်ဆောင်ခဲ့ပြီး မိုးရေးနယ်စပ်မှာ ဆန္ဒပြမူတွေလည်း ဖြစ်ပွားခဲ့ပါတယ်။