ရန်ကုန်မှာ တရက်တည်း လူသုံးဦး သေနတ်နဲ့အပစ်ခံရ၊ နှစ်ဦးသေ၊ တဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဟာ မနေ့က ညနေ ၅ ခန့်မှာ သူရဲ့ ကားပေါ်တက်ချိန် သေနတ်နဲ့ အပစ်ခံရတဲ့အတွက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၈၄ ကားဂိတ်၊ ငွေတောင်ကြီးလဘ္ဘက်ရည်ဆိုင်ကထပြီး သူ့ရဲ့ကားပေါ်တက်ချိန်မှာ အခုလို ပစ်ခတ်ခံခဲ့ရတယ်လို့ အနီးဝန်းကျင်ရှိသူတွေက ပြောပါတယ်။ အခုလို ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တာဟာ ULTIMATE REVOLUTIONARY MOVEMENT TEAM ကလုပ်ဆောင်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇူလိုင် ၅ရက်နေ့ တစ်ရက်တည်းမှာပဲ သာကေတမြို့နယ်၊၄/မြောက်ရပ်ကွက်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်လည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
အဲ့ဒီလင်မယားနှစ်ယောက်ကိုတော့ အမည်မသိလူတစ်စုက ပစ်ခတ်သွားတာဖြစ်ပြီး သတင်းပေးလို့ သတ်မှတ်ခံရတဲ့အတွက် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူအချို့က သုံးသပ်ပြောဆိုပါတယ်။
“တကယ်ပဲ ဒလန်သတင်းပေးလုပ်လား၊ မလုပ်လားတော့ မသိဘူး။ အခုရပ်ကွက်မှာ သတင်း ထွက်နေတာကတော့ သတင်းပေးလုပ်လို့ဆိုပြီးထွက်နေတာပေါ့။ ဟုတ်တာ၊မဟုတ်တာနောက်ထား အခုအပစ်ခံလိုက်ရပြီ။ယောက်ကျားကတော့ သေတယ်။မိန်းမကတော့ ဆေးရုံမှာလို့ကြားတယ်” ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
သာကေတမြို့နယ်၊၄/မြောက်ရပ်ကွက် ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ အခုအချိန်အထိ ထုတ်ပြန်ဖော်ပြတာမရှိသေးပါဘူး။