လစ်ဗျားကမ်းရိုးတန်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦး သေဆုံး

Photo – Google

ကလေးငယ် ၃ ဦးအပါအဝင် မာလီနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးဟာ လစ်ဗျားကမ်းလွန်မှာ သေဆုံးခဲ့တယ်လို့ မာလီအစိုးရက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုပြဿနာတွေကနေ ဥရောပကိုရွှေ့ပြောင်းဖို့အတွက် ကြိုးပမ်းမှုတွေကို တိုးမြင့်လာစေတာလို့ ဆိုပါတယ်။

သေဆုံးသူ ၂၂ ဦးဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက သင်္ဘောပေါ်မှာ ပိတ်မိနေတာဖြစ်ပြီး သင်္ဘောပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၈၃ ဦးအထိ လိုက်ပါလာခဲ့တယ်လို့ မာလီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မာလီနိုင်ငံသားတချို့အပါအဝင် ကျန်တဲ့ ၆၁ ဦးကိုတော့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ အကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အရင်နှစ်တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ မြောက်အာဖရိကကို နိုင်ဂျာနဲ့ မာလီနိုင်ငံတွေကနေတစ်ဆင့် ရွှေ့ပြောင်းဝင်ရောက်မှုတွေဟာ သိသိသာသာ တိုးလာတယ်လို့ IOM မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း လူ ၂၀၀၀ လောက်ဟာ စပိန်နိုင်ငံရဲ့ မြောက်အာဖရိကအနီးရှိ Melilla မြို့အတွင်းကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။