ဇွန်လအတွင်း စစ်အုပ်စုတပ်နဲ့ BGF တပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့်သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)က ဒီနေ့ဇူလိုင်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တစ်လအတွင်း  တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး (KNLA) (KNDO)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က တပ်ဖွဲ့ဝင် ၁၇ ဦး ကျဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအဲန်ယူ တပ်မဟာ() ဒူပလာယာခရိုင် အတွင်းရှိ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ ဒေသမှာ ဇွန်လကုန်ပိုင်းမှ စတင်ပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်အုပ်စု တပ်က လေကြောင်းပစ်ကူတွေ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ဇွန်လ ၂၇ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်အထိ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၉၄ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ KNU နယ်မြေအတွင်းရှိ စစ်အုပ်စုတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်လျက်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ စစ်အုပ်စုတပ်စခန်း ၅ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။