တပ်မတော်က အမျိုးသားရေးကို သစ္စာစောင့်ရဲ့လား

 

ဝါဒဖြန့်ချိရေးဆိုတာဟာ ပြည်သူတွေရဲ့ အတွေးအခါ်နဲ့ အပြုအမူ၊ သဘောထားတွေကို လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားထင်မြင်ချက်ကို ပုံသွင်းဖို့ ကြိုးစားတယ်။ ကိုယ်ဖြစ် စေလိုတဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကို လုပ်စေဖို့ တိုက်တွန်းစေ့ဆော်တဲ့ အားထုတ်မှုဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနဟာ – နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ချိရေးအလုပ်ကို လုပ်ခဲ့တဲ့ဌာနဖြစ်ပါ တယ်။ မြန်မာစစ်တပ်က သုံးစွဲတဲ့ ဝါဒဖြန့်ချိရေးနည်းနာတွေထဲမှာ၊ အမြဲတမ်းလိုလို အစဉ်တစိုက် သုံးစွဲတဲ့ စကားလုံး ဝေါဟာရကတော့ “အမျိုးသားရေး” ဆိုတဲ့ စကားလုံးဝေါဟာရပဲ ဖြစ်ပါတယ်။ ဒီစကားလုံးဟာ မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ တိတိကျကျ ငြင်းဆန်ဖို့ ခဲယဉ်းတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ “အမျိုးသားရေး” ဆိုတဲ့ စကားလုံးဟာ သိပ်ယေဘုယျကျတဲ့ စကားလုံးဝေါဟာရဖြစ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ရခက်သလို၊ လွယ်လွယ်ကူကူလည်း ငြင်းဆိုဖို့ ခက်လှတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။

အမျိုးသားရေးဆိုတဲ့ စကားလုံး

နိုင်ငံရေးအင်အားစုနဲ့ လက်နက်ကိုင်အင်အားစုတွေဟာ လူထုကို ဆွဲဆောင်စည်းရုံးချင်လို့၊ “အမျိုးသားရေး” ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာတွေ့ရပါတယ်။ လူအများစုဟာ “အမျိုးသားရေး” ဆိုတဲ့ စကား လုံးကို ကြားလိုက်ရင်၊ အများထောက်ခံသလို လိုက်ပါထောက်ခံရမယ်ဆိုတဲ့ စိတ်အစွဲ ရှိတတ်ကြပါတယ်။ လူ့စိတ် သဘာဝကိုယ်၌က၊ လူအများထောက်ခံနေတာဖြစ်လို့ “ငါလည်း မထောက်ခံလို့ မရဘူး” ဆိုတဲ့ စိတ်ကိန်းဝပ်မှု ရှိပါ တယ်။ ဒါ့ကြောင့် အများသဘောကို မလွန်ဆန်ဘဲ၊ လိုက်ပါတာကို တွေ့ရပါတယ်။ အမျိုးသားရေးဆိုတဲ့ စကားလုံး ကလည်း တိုင်းပြည်နဲ့ ဆိုင်တဲ့ကိစ္စ၊ အများနဲ့ ဆိုင်တဲ့ကိစ္စ၊ အသိုင်းအဝိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တာမို့ ဒါဟာ လက်ခံရ မယ့်ကိစ္စပဲလို့ အလွယ်တကူ သိမှတ်ထားလိုက်ကြတာများတယ်။

မြန်မာစစ်တပ်ဟာ အမျိုးသားရေးနဲ့ ပူးတွဲတည်ရှိနေတယ်ဆိုတဲ့ သတင်းမက်ဆေ့ချ်ကို ပြည်သူကြားထဲမှာ စွဲမြဲ နေ အောင် ဝါဒဖြန့်ခဲ့တာတွေ့ရပါတယ်။ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဆိုတဲ့ စကားလုံးဟာ စစ်တပ်ဝါဒဖြန့်ချိရေး အတော်တာသွားတဲ့ စကားလုံးဖြစ်ပါတယ်။ တပ်မတော်သည် အမျိုးသားရေး ကို ဘယ်တော့မှ သစ္စာမဖောက်— လို့ ရိုက်သွင်းလိုက်ခြင်းဟာ၊ တစ်ဖက်မှာလည်း အမျိုးသားရေးကို သစ္စာဖောက် နေသူတို့ကို ဆန့်ကျင်ပါလို့ တိုက်တွန်းတာမျိုး တွေ့ရတယ်။ အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ အစုအဖွဲ့တွေ ရှိတယ်ဆိုတာကိုပါ သတိရလိုက်စေတယ်။

ကိုယ်ကျိုးစီးပွားဝါဒ

မြန်မာစစ်ဗိုလ်တွေဟာ အမျိုးသားရေးကို တစ်ဖွဖွ ပြောပြီး၊ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို ဂုတ်သွေးစုပ်နေ ခဲ့တာ ကြာညောင်းလှပြီ။ မြန်မာစစ်တပ်မှာ – အမျိုးသားရေးဝါဒ ရှိသလားလို့ မေးရင်၊ မြန်မာစစ်တပ်မှာ အမျိုးသား ရေးဝါဒ မရှိဘူး။ ကိုယ်ကျိုးစီးပွားဝါဒသာ လျှင် ရှိတယ်လို့ ပြောမယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထိပါးရင်၊ အမျိုးသားရေးဆိုတာတွေကို ဘေးချိတ်ပြီး လုပ်ချင်ရာ လုပ်ကြတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ မြန်မာစစ်တပ်မှာ အကျိုးစီးပွားသာ ရှိပါတယ်။ အမျိုးသားရေး မရှိပါဘူး။

သို့သော်လည်း အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တစ်တွတ်တွတ် သုံးစွဲရခြင်း ရည်ရွယ်ချက် ရှိပါတယ်။ အဲဒါကတော့ မြန်မာစစ်တပ်ကို စုစည်းဖို့ပါ။ စစ်တပ်ထဲက စစ်ဗိုလ် စစ်သားတွေကို အမျိုးသားရေးဆိုတဲ့ စကားလုံး သုံးပြီးတော့ စုစည်းထားနိုင်ဖို့၊ စစ်ခေါင်းဆောင်တွေက အမျိုးသားရေးဆိုတဲ့  စကားလုံးကို သုံးပြီး အစဉ်တစိုက် ဝါဒ ဖြန့်ချိလာတာတွေ့ရပါတယ်။ အမျိုးသားနိုင်ငံရေး ဆိုတဲ့ စကားလုံးကိုလည်း မြန်မာစစ်တပ်က အတွင်တွင် သုံးပါ တယ်။ နိုင်ငံရေးနယ်ထဲမှာ အစဉ်တစိုက် လက်ဝါးကြီးအုပ်ချင်တာကြောင့် အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ပါဝင်ရတယ်ဆိုတဲ့ စကားလုံးကို ခဏ ခဏ သုံးတာတွေ့ရပါတယ်။

အမိန့်ကို ကလန်ကဆန် မလုပ်ဝံ့အောင်

တကယ်တော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ — သူတို့ အကျိုးစီးပွားကို အမျိုးသားရေးခေါင်းစဉ်နဲ့ သကာအုပ်ပြီး တော့ တည်ဆောက်နေတာ ကြာပါပြီ။ ဒါကို တပ်တွင်းက စစ်ဗိုလ်စစ်သား အတော်များများက သတိမထားမိပါ။ တပ်အတွင်းမှာ ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားခြင်းဓလေ့လည်း မထွန်းကားပါ။ အထက်အမိန့်ကို နာခံသေဝပ်တဲ့ အကျင့်ကို စစ်တပ်ထဲမှာ အသားသေအောင် မွေးပေးထားပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်စစ်သားတွေဟာ ပြန်လည် မေးခွန်းထုတ်ခြင်း၊ ပြန်လည် စောဒကတက်ခြင်း၊ ပြန်လှန် စဉ်းစားတွေးခေါ်ခြင်းနဲ့ မရင်းနှီးပါဘူး။ စစ်သားဖြစ်လာ ပြီ ဆိုကတည်းက obedience type လို့ခေါ်တဲ့ အမိန့်နာခံမှုကို ဦးစားပေး ပုံသွင်းခံလာရပါတယ်။ စစ်ဗိုလ်တွေကို မွေးထုတ်ပေးတဲ့ စစ်တက္ကသိုလ်မှာလည်း၊ စာသင်နှစ် အစကတည်းက အထက်က စီနီယာကို လေးစားဖို့၊ အထက် အမိန့်ဆိုရင် ဘာမှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အမိန့်နာခံဖို့ ဆိုတာကို ရိုက်သွင်းထားပါတယ်။ အကျင့်သီလထက် ရာထူးအဆင့်ကို လေးစားဖို့ ပုံသွင်းခံထားရပါတယ်။ အထက် အမိန့်အတိုင်း နာခံဖို့သာလျှင် အဓိက ဆိုတာကို တပ်တွင်းမှာ အသားကျအောင် တည်ဆောက်ထားပါတယ်။

စဉ်းစားရမှာ သိပ်ကြောက်

မြန်မာစစ်ဗိုလ်စစ်သားတွေဟာ ယေဘုယျသိပ်ကျပြီး အလွယ်တကူ ငြင်းဆိုဖို့ ခက်တဲ့ “အမျိုးသားရေး” ဆိုတဲ့ စကားလုံးအပေါ်မှာ အနုလုံ ပဋိလုံ စဉ်းစားခန်း ထုတ်ဖူးမယ်လို့ မထင်ပါ။ သူတို့ ကိုယ်၌က စဉ်းစားရတဲ့အလုပ်ကို သေမလောက် ကြောက်ရွံ့ဟန်တူတယ်။ မစဉ်းစားဘဲ၊ အထက်အမိန့်အတိုင်း လိုက်ပါရတာ သူတို့အတွက် အလွန် လွယ်ကူတယ်။ စဉ်းစားတဲ့အလုပ်ကို စစ်ဗိုလ်စစ်သားတွေ ခပ်နက်နက် မလုပ်နိုင်ဘူး။ ဒီလို မလုပ်နိုင်အောင်လည်း ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ကွပ်ကဲကြီးကြပ်ပြီး တပ်တွင်းဝါဒဖြန့်ချိရေးတွေကို ပုံစံအမျိုးမျိုးနဲ့ သိုင်းဝိုင်းလုပ်ဆောင်ထားတာတွေ့ရတယ်။

စစ်ခေါင်းဆောင်တွေရဲ့ ဩဇာခံ

တပ်တွင်းဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနဟာ — တပ်ကို သူတို့ အကျိုးစီးပွားအတွက် စုစည်းထားဖို့ အစဉ်တစိုက် အားထုတ်တာကို တွေ့ရတယ်။ ဒီနေရာမှာ ဝါဒဖြန့်ချိရေးတစ်ခုတည်းနဲ့ လုပ်နေတာတော့ မဟုတ်ဘူး။ ချီးမြှောက်ခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်း၊ ရာထူးပေးခြင်း ဆိုတာတွေနဲ့လည်း မျှားပါတယ်။ ဆုတံဆိပ်တွေ၊ ဘွဲ့တံဆိပ်​ တွေနဲ့ သူရဲကောင်းဘွဲ့တွေ ချီးမြှင့်ပြီးတော့ စစ်ခေါင်းဆောင်တွေရဲ့ ဩဇာခံဖြစ်အောင် မွေးမြူတာတွေလည်း ရှိတယ်။ တပ်မတော်သားဆိုတာ စွန့်လွှတ်အနစ်နာခံတဲ့သူ ဖြစ်တယ်၊ ရဲဝံ့စွန့်စားသူ ဖြစ်တယ်ဆိုတဲ့ သူရဲကောင်းဝါဒ ကို တည်ဆောက်ပြီး ဝါဒဖြန့်ချိတာကိုလည်း တွေ့ရပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ — အမျိုး – ဘာသာ – သာသနာ ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ ဇာတ်ညွှန်းကို တပ်အသိုင်းအဝိုင်းထဲမှာ အစဉ်တစိုက် ဝါဒဖြန့်ချိနိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေရဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှု ကို သယ်လာသူတွေဟာ အမျိုး ဘာသာ သာသနာရဲ့ ရန်သူတော်တွေလို့ သမုတ်ပါတယ်။ ပြည်ပအားကိုး ပုဆိန်ရိုး လို့ ခေါင်းစဉ်တပ်ပြီး၊ သူတို့တတွေဟာ အမျိုးသားရေး သစ္စာဖောက်တွေလို့ ထိုးနှက်ပါတယ်။ ဒါဟာ မြန်မာစစ် ခေါင်းဆောင်တွေ သုံးနေကျ ဝါဒဖြန့်ချိရေး အကွက်တွေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။