အီတလီနိုင်ငံမှာ  မိုးခေါင်ရေရှားမှုကို တိုက်ဖျက်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာ

Photo – Google

အီတလီနိုင်ငံဟာ မိုးခေါင်ရေရှားမှုဒဏ်အများဆုံးခံရတဲ့ မြောက်ပိုင်းဒေသ ၅ ခုမှာ ဇူလိုင်လ ၄ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

အစိုးရဟာ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ယူရို ၃၆ ဒဿမ ၅ သန်း ကိုလည်း ခွဲဝေပေးခဲ့ပါတယ်။ ရန်ပုံငွေရဲ့အကြီးဆုံးဝေစုဖြစ်တဲ့ ယူရို ၁၀ ဒဿမ ၉ သန်းကို Emilia-Romagna ဒေသကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အီတလီဟာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကို ခံစားနေရတာဖြစ်ပြီး မြောက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုပမာဏဟာ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်  အခုနှစ်အစပိုင်းကစပြီး ထက်ဝက်ကျော်ကျဆင်းခဲ့တယ်လို့ ဆိုထားပါတယ်။

နိုင်ငံမြောက်ပိုင်းရှိ စည်ပင်သာယာရေးအဖွဲ့တချို့ကလည်း မကြာသေးမီရက်သတ္တပတ်အတွင်း အပူလွန်ကဲလာတာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေးဆည်မြောင်းအသုံးပြုမှုတွေမှာ တင်းကျပ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားအကျပ်အတည်းဟာ လယ်ယာထွက်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်းကို ခြိမ်းခြောက်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ယူရို ၃ ဘီလီယံနီးပါး ဆုံးရှုံးနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားတယ်လို့ သိရပါတယ်။