ရန်ကုန်၊ လှည်းတန်းမှာ အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ လှည်းတန်းစျေးအနီးမှာ အမျိုးသမီးနှစ်ဦးပစ်ခတ်ခံရပြီး၊တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စျေးနားမှာ အပစ်ခံရတာ။ကောင်မလေးတစ်ယောက်ကတော့ သေသွားတယ်။တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့သိရတယ်။ဘယ်သူတွေဆိုတာမသိရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အမျိုးသမီးနှစ်ဦးဟာ ဒီကနေ့ ဇူလိုင် ၄ ရက် မနက် ၉ နာရီအချိန်မှာ စျေးဝယ်ထွက်လာစဥ် ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“၉ နာရီလောက်ရှိမှာပေါ့။ မကြာသေးဘူး။ ဈေးဝယ်လာရင်းနဲ့ အပစ်ခံခဲ့ရတာ။ ပစ်တဲ့သူတွေက မျက်နှာဖုံးအုပ်ထားတယ်။” လို့ ပေ ၅၀ လမ်းအတွင်း စျေးရောင်းသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ဒဏ်ရာရအမျိုးသမီးကို ခေါ်ဆောင်သွားပြီး လှည်းတန်းစျေး ပေ ၅၀ လမ်းပေါ်နဲ့ လှည်းတန်း ၂ လမ်းထိပ်ကို ပိတ်ဆို့ထား​တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စျေးသည်တွေအနေနဲ့လည်း ပစ်ခတ်မှုဖြစ်စဥ်ကြောင့် စျေးဆိုင်တွ ပိတ်သိမ်းနေကြတယ်လို့လည်း ဆိုပါတယ်။
လက်တလော ဒေသခံတွေရဲ့ သုံးသပ်ပြောကြားမှုအရ ပစ်ခတ်ခံရတဲ့အမျိုးသမီးနှစ်ဦးဟာ လှည်းတန်း ၂ လမ်းအတွင်နေထိုင်သူတွေဖြစ်ပြီး စစ်တပ်ကိုသတင်းပေးတာတွေလုပ်ဆာင်တာကြောင့် အခုလိုပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါ့အပြင် ပစ်ခတ်ခံရတဲ့အမျိုးသမီးနှစ်ဦးဟာ ပြီးခဲ့ရက်ပိုင်းက လှည်းတန်းပေ ၅၀ လမ်းမှာ အကြမ်းဖက်စစ်တပ်က စျေးသည်တွေကိုမောင်းထုတ်ပြီး ပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့နေရာမှာ သတင်းပေးတာတွေလုပ်ဆောင်တာကြောင့်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။
အမျိုးသမီးနှစ်ဦးဟာ အကြမ်းဖက်စစ်တပ်ကို သတင်းပေးတွေဟုတ်၊ မဟုတ်ကိုတော့ DNA သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။