သဉ္ဇာဝင့်ကျော် သျှမ်းပြည်တပ်မတော် ယူနီဖေါင်းဝတ်တဲ့ ကိစ္စ SSPP/SSA ရှင်းလင်း

ဇူလိုင်လ ၃ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းဌာနချုပ်မှာ ကျင်းပတဲ့ မင်္ဂလာအခမ်းအနား တခုမှာ မော်ဒယ် သဉ္ဇာဝင့်ကျော်က သျှမ်းပြည်တပ်မတော် ယူနီဖေါင်းဝတ်ပြီး တက်ရောက်ခဲ့တာဟာ ဒေသဖွင့်ဖြိုးရေးအတွက် Documentary ရိုက်ကူးနေတာလို့ SSPP Info က ရှင်းလင်းသွားပါတယ်။
သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုရဲ့ သမီးဖြစ်သူ မင်္ဂလာအခမ်းအနားကို သဉ္ဇာဝင့်ကျော်က ယူနီဖေါင်းဝတ်ပြီး တက်ရောက်ခဲ့တဲ့ ပုံတွေကို ဒေသတွင်းသတင်းမီဒီယာ တခုဖြစ်တဲ့ SHAN News ကလည်း ဖေါ်ပြခဲ့ပြီး မကြာမှီမှာ SSPP Info က ပြန်လည်ရှင်းလင်းခဲ့ပြီး သဉ္ဇာဝင့်ကျော်ကလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ဝေမျှသွားခဲ့တာ ဖြစ်ပါတယ်။
သျှမ်းပြည်တပ်မတော်ဘက်ကတော့ “မိမိတို့ SSPP/SSA အဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် သဉ္ဇာဝင့်ကျော်အား ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးရန် ကမ်းလှမ်းဖိတ်ကြားခဲ့ပါသည်”လို့ ထည့်သွင်းရေးသားထားပါတယ်။
အဲဒီရိုက်ကူးရေးက အပြန်မှာ မင်္ဂလာအခမ်းအနားကို ရှုတင်အဝတ်အစားတွေနဲ့ တက်ရောက်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ဒီလို Documentary ရိုက်ကူးရာမှာ တခြားမည်သည့်ရည်ရွက်ချက်မှ မပါပဲ ဘာသာရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရိုက်ကူရန်အတွက်ပဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ဘက်က ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်(၁) ရက်နေ့မှာ အကြမ်းဖက်စစ်တပ် နဲ့ ရှမ်းပြည်တပ်မတော် တို့ဟာ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို့ လက်ရှိမှာလည်း မိုင်းရှူးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။