စပါးတွေတင်ဆောင်လာတဲ့ ရုရှားကုန်တင်သင်္ဘောကို တူရကီ အကောက်ခွန် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
အဲဒီစပါးတွေဟာ ယူကရိန်းဆီကနေ ခိုးယူထားတာလို့ ကိယက်ဗ်အစိုးရက ဆိုထားပါတယ်။
Zhibek Zholy သင်္ဘောဟာ Karasu ဆိပ်ကမ်းအပြင်ဘက် ၁ ကီလိုမီတာအကွာမှာ ကျောက်ချရပ်နားထားတာကို ဇူလိုင်လ ၃ ရက်နေ့မှာ တွေ့ခဲ့ရပြီး သင်္ဘောပေါ်နဲ့ သင်္ဘောအနီးနားမှာတော့ တခြားရေယာဉ်တွေ မတွေ့ရဘူးလို့ ရိုက်တာသတင်းထောက်တွေက ဆိုပါတယ်။
“ကျွန်တော်တို့မှာ ပူးပေါင်းဆောင်ရွက်မှု အပြည့်ရှိပါတယ်၊ သင်္ဘောဟာ ဆိပ်ကမ်းဝင်ပေါက်မှာ လောလောဆယ် ရပ်နေပြီး တူရကီရဲ့ အကောက်ခွန် အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်” လို့ ယူကရိန်းသံအမတ်ကြီး Vasyl Bodnar က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်လို့ ဇူလိုင်လ ၄ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ Bodnar က ပြောကြားခဲ့ပြီး ယူကရိန်းကတော့ စပါးတွေကို သိမ်းယူဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။
ဖေဖော်ဝါရီနှောင်းပိုင်း ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ချိန်ကစပြီး သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ စပါးတွေကို ခိုးယူနေတယ်လို့ ယူကရိန်းက စွပ်စွဲထားပြီး ရုရှားဘက်ကတော့ ဒါကို ပြန်လည်ငြင်းဆိုထားပါတယ်။