တနင်္သာရီတိုင်း၊ လယ်သစ်မှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က နှစ်ဦးသေ


Photo – တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ လယ်သစ်ရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထပ်မံတိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက်စစ်တပ်ဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲဟာ ဇူလိုင်၂ ရက်နေ့၊ နေ့လည် ၁ နာရီခွဲအချိန်ကနေ စဖြစ်ခဲ့ပြီး ညနေ ၃ နာရီအချိန်အထိ ကြာမြင်ခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။
သရက်ချောင်းမြို့နယ်၊ကျောက်ဖြူကျေးရွာကို ဇွန် ၂၈ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အကြမ်းဖက်စစ်တပ်က အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် Dawei Defense Force အဖွဲ့နဲ့ ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ဆုပ်ခွာရာလမ်းတလျှောက်လိုက်လဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၁၄ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး