ဟောင်ကောင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂၀ကျော် ပျောက်ဆုံးနေ

Photo – Government Flying Service

တောင်တရုတ်ပင်လယ်မှာ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂ ဒါဇင်ကျော် ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားတွေက သူတို့ကို ရှာဖွေဖို့ ကြိုးစာနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၀ အကွာမှာရှိတဲ့ အင်ဂျင်နီယာသင်္ဘောတစ်စင်းဟာ မုန်တိုင်းဒဏ်ကြောင့်နှစ်ပိုင်းကွဲသွားပြီး သင်္ဘောသား ၃၀ ဟာ သင်္ဘောကို စွန့်ပစ်ခဲ့ကြရတယ်လို့ ဟောင်ကောင်အစိုးရရဲ့ Flying Service ဌာနက ပြောဆိုပါတယ်။

ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာတော့  လူသုံးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်အစိုးရရဲ့ Flying Service က လေယာဉ် ၂ စင်းနဲ့ ရဟတ်ယာဉ် ၄ စင်း စေလွှတ်ခဲ့ပြီး တရုတ်ပြည်မကြီးအာဏာပိုင်တွေကလည်း ကယ်ဆယ်ရေးလှေ ၁ စင်းကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ဖွန်းမုန်တိုင်း Chaba ဟာ အစောပိုင်းက တောင်တရုတ်ပင်လယ်အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂ ရက်နေ့မွန်းလွဲပိုင်းမှာတော့ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အခုနှစ်အတွက် ပထမဆုံး တိုက်ခတ်တဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။