
ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa မြို့အနီးရှိ လူနေအိမ်အဆောက်အအုံနဲ့ အပန်းဖြေစခန်းတစ်ခုကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် ကလေး ၁ ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၁ရက်နေ့မှာ ပြောပါတယ်။
ရုရှားရဲ့ လုပ်ရပ်တွေဟာ ယူကရိန်းမြို့တွေနဲ့ ပြည်သူတွေအပေါ်ကို အကြမ်းဖက် ကျူးလွန်နေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇေလန်းစကီးက ပြောခဲ့ပါတယ်။
“ဒါဟာ ရုရှားမီဒီယာတွေက နေ့တိုင်းပြောနေသလို မတော်တဆမှုမဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော်တို့ရဲ့ မြို့တွေ၊ လူကြီး၊ လူငယ် ၊ ကလေးတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်နေတာ” လို့ ဇလန်စကီးက ဆိုထားပါတယ်။
ရုရှားအနေနဲ့ ခဲယမ်းမီးကျောက်တွေ ဒါမှမဟုတ် လေ့ကျင့်ရေးတပ်တွေရှိနေတဲ့ အဆောက်အအုံတွေကိုသာ လေကြောင်းတိုက်ခိုက်မှုတွေ အဓိကထားလုပ်ဆောင်နေတာဖြစ်တယ်လို့ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇူလိုင်လ ၁ရက်နေ့မှာ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ယူကရိန်းဈေးဝယ်စင်တာတစ်ခုကို ရုရှားဗုံးကြဲလေယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့်အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။