ရှမ်းမြောက်၊ မုံးကိုးခရိုင်မှာ စစ်အုပ်စုတပ်နှင့် MNDAA တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်အတွင်းအကြမ်းဖက်စစ်အုပ်စုတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ကြား ဇွန်လ ၂၆ ရက်နေ့နဲ့ဇွန်လ ၃၀ ရက်နေ့တွေမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်မှ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း The Kokang ကဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာစစ်အုပ်စု တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀၊ စကခ ရ လက်အောက်ခံ ခမရ ၃၃၆ နှင့် ခမရ ၂၁၆ စုစုပေါင်း အင်အား ၉၀ ကျော်ခန့် MNDAA ရှိရာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပြီးထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က ၃ ဦး သေဆုံးပြီး MNDAA ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့မှာလည်း အင်အား ၈၀ ကျော်ပါတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ နှင့် MNDAA ကြား ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူအတိအကျမသိသေးကြောင်းဆိုပါတယ်။