တိုက်ပွဲသတင်းတွေကို လူမှုကွန်ရက်ပေါ်မှာ အလျင်စလို မဖြန့်ဝေကြဖို့ KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက် စစ်အုပ်စုတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲသတင်းတွေကို လူမှုကွန်ရက်တွေမှာ အလျင်စလို ဖြန့်ဝေတာ မပြုကြဖို့ KNU က ဒီနေ့ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Social media (Online ) Facebook အကောင့်တွေ Page တွေကနေ တိကျမှန်ကန်မှုမရှိသေးပဲ တိုက်ပွဲ သတင်းတွေကို လိုင်းပေါ်တင်တာ တစ်ဆင့်ခံဝေမျှတာတွေကြောင့် ရှေ့တန်းစစ်မြေပြင်မှာ လှုပ်ရှားနေတဲ့ စစ်သည်တွေနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လုံခြုံရေးတွေကိုထိခိုက်စေနိုင်ကြောင်း KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခြေအနေတွေကို Online (Social media) ပေါ်ကို အလျင်စလို တင်တာကြောင့် စစ်ဆင်ရေးလှုပ်ရှားမှု အစီအစဉ်တွေအနှောင့်အယှက်ဖြစ်စေနိုင်ပြီး အခက်တွေ့စေတဲ့အပြင် မတိကျတဲ့ သတင်းတွေက ဒေသခံလူထုကို ထိပ်လန့် ခြိမ်းခြောက်နေသလိုဖြစ်နေတာကြောင့် သတင်းတွေကို အလျင်စလို မဖြန့်ကြတို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် KNU က တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။